Sunday, August 5, 2012

ဘူတာ

အမှန်တော့ ကျွန်တော်တို့တွေဟာ ခရီးရှည်ကြီးတစ်ခုကို မီးရထားကြီးစီးပြီး သွားနေကြတဲ့ ခရီးသည်တွေနဲ့ အလားသဏ္ဍာန် တူလွန်းလှပေတယ်။ ရထားပြတင်းကနေ လှမ်းမြင်ရတာတွေက ရိပ်ခနဲ ရိပ်ခနဲ။

ရထားလမ်းနဲ့အပြိုင် ပြေးနေတဲ့ အဝေးပြေးလမ်းပေါ်က ကားတွေ၊ လမ်းဆုံမှာတွေရတဲ့ ကလေးတွေက လှမ်းလက်ပြနေ၊ ဟိုး ခပ်ဝေးဝေးကတောင်ခြေမှာ ကျွဲတွေ၊ နွားတွေ၊ မြက်စားနေကြ၊ စက်ရုံ အလုပ်ရုံကတွေက မီးခိုးတလူလူ၊ တစ်မျှော်တစ်ခေါ် စိုပြည်လွင်နေတဲ့လယ်ကွင်းတွေ၊ တောင်ကုန်းတွေ၊ ချိုင့်ဝှမ်းတွေ၊ လွင်ပြင်တွေ၊ မြို့တွေ၊…….အစုံစုံ မြင်နေရတယ်။
ကျွန်တော်တို့ရဲ့ စိတ်ထဲမှာတော့ တစ်ချိန်ကျရင် ခရိးဆုံးဘူတာကို ဆိုက်လိမ့်မယ်ဆိုတဲ့ အသိလေးနဲ့ရယ်။

အဲသည်ဘူတာကို ရောက်ရင်တော့ ဆိုင်းနဲ့ဝိုင်းနဲ့၊ တံခွန်တွေ၊ အလံတွေနဲ့ ဆီးကြိုနေမယ့်သူတွေက အဆင်သင့်။ ဘူတာကို ဆိုက်ပြီဆိုရင်ဖြင့် မျှော်လင့်ချက်ဟူသမျှ၊ လိုလားသမျှ၊ တောင့်တသမျှ တစ်လုံးတစ်ဝတည်း ပြည့်စုံတော့မယ်။ တစ်စစီကျဲပြန့်နေတဲ့ ဘ၀ကြီးကလဲ သူဟာလေးနဲ့သူ အံဝင်ခွင်ကျနဲ့ နေသားကျသွားတော့မယ် အဲသလိုနားလည်ထားတယ်။

သည်လိုနဲ့ပဲ ကျွန်တော်တို့တွေဟာ ရထားတွေ ထိုင်ခုံတန်းနှစ်ခုကြားက လူသွားလမ်းလေးမှာ မနားတမ်း လျှောက်ရင်း၊ တစ်ခါတစ်လေကျတော့လည်း ရောက်ခဲလှချေရဲ့လို့ တွေးလားတွေးရဲ့။ တစ်ချိန်မှာတော့ မလွဲမသေဆိုက်မှာပါဆိုတဲ့ အတွေးလေးနဲ့ လှမ်းမျှော်လား မျှော်ရဲ့။

ဒါတင်ဘယ်ကပါလိမ့်မလဲ။ “ဘူတာကို ဆိုက်လို့ကတော့ကွာ…”လို့လဲ ကြုံးဝါးလိုက်မိရဲ့။ သည်လိုနဲ့…….

“၁၈နှစ်ပြည့်လို့ကတော့ကွာ….”

“တိုက်ဆောက်ပြီးလို့ကတော့ကွာ…..”

“ကားသစ် ၀ယ်ပြီးလို့ကတော့ကွာ” ……………………..အဲသည် “…………အခါကျရင်တော့ကွာ”တွေမှာဖြင့် ကျွန်တော်တို့တွေဟာ ဘ၀ကို ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းကျော်လွှားရင်း နားနားနေနေ နေရပေတော့မယ်လို့ အောက်မေ့ထားကြသူချည်းပါပဲ။ တစ်နည်းအားဖြင့် ကျွန်တော်တို့တွေ မှန်းထားတဲ့ ခရီးဆုံးဘူတာကို ဆိုက်လို့ကတော့ အပီနားလိုက်မယ်ဟဲ့၊ အ၀ ပျော်လိုက်မယ်ဟေ့ လို့ တွေးထားကြတယ်

ဒါပေမယ့် ဘ၀ခရီးမှာ ခရီးဆုံးဘူတာ မရှိဘူးဆိုတာ အသက်ကလေး အတော်ရတော့မှ သတိထားမိလာတယ်။

၁၈နှစ်ပြည့်ရင် မင်းနေချင်သလို နေနိုင်ပြီလို့ အဖေက ပြောတယ်။ ၁၈နှစ်ကလည်း ပြည့်ခဲလိုက်တာနော် တွေးရင်းနဲ့ပဲ ၁၈နှစ် ကို ကျော်လာ။ သြော်…. ဘ၀ဆိုတာ နေချင်သလို နေလို့မရမှန်း အဲသည့် ၁၈နှစ်ကို ဖြတ်ကျော်ရင်းနဲ့ပဲ ရိပ်စားမိလာပါလေရောလား။
ဘွဲ့ရရင်တော့ ကိစ္စပြီးပြီလို့တွေးလိုက်မိတယ်။ ဒါပေမယ့် တက္ကသိုလ်တက်နေခိုင်မှာပဲ ပညာဆိုတာ အဆုံးမရှိဘူးလို့ သိလာပြန်ရော။
အလုပ်ရရင်၊ ကိုယ်ဝင်ငွေလေးနဲ့ ကိုယ်နေနိုင်ရင် အတော်နှိပ်ပြီလို့ အောက်မေ့တယ်။ ဘယ်ဟုတ်မလဲ၊ ရေခဲသေတ္တာလေးလောက်တော့လိုချင်လာ၊ ရေခဲသေတ္တာရတော့ အပေါ်စက်၊ အောက်စက်လေးဆီ စိတ်ကရောက် ၊ ရလာပြန်တော့လည်း လေအေးပေးစက်ကို စဉ်းစား…………………..

ကိုယ့်မိသားစုနဲ့ကိုယ် အိမ်လေးတစ်လုံးလောက် ငှားနေနိုင်ရင်ကို အတော်ဟန်ကျပြီမှတ်။ တကယ်နေနိုင်တော့ အပိုင်ဝယ်ဖို့မျှော်ကိုး။ အပိုင်ရပြန်တော့ သားသမီးတွေအတွက်ပါ တစ်လုံးစီ ရှိနေမှဖြစ်မှာလို့ တွေးးးးးးးးးးးးး
တကယ်တော့ ဘယ်သူ့ ဘယ်သူမှ ကိုယ်မျှော်လင့်ထားတဲ့ ခရီးဆုံးဘူတာဆီကို ရောက်ခဲ့ရိုးထုံးစံမရှိပါလားကွယ်။
အင်း….ဘ၀ဆိုတာကလည်း အဲသလိုသွားနေရတာလေးကိုပဲ ပျော်နေရမယ့် အမျိုးကလား။ လမ်းဆုံးဘူတာဆိုတာက အိပ်မက်သက်သက်။ ဘ၀ဘူတာဆိုတာက လိုက်လေဝေးလေ

“ပစ္စုပ္ပန်တည့်တည့်ရှု” ဆိုတဲ့ လောကုတ္တရာစကားကို လောကီမှာ ချသုံးရင် ကောင်းမယ်ထင်ပါ့။ ပစ္စုပ္ပန်လေးကိုပဲ တလေးတစား တန်ဖိုးထားတာ အကောင်းဆုံးပါပဲလေ။

အင်း….တကယ်တော့လည့်း ပစ္စုပ္ပန်၊ လတ်တလောမှာ ထမ်းထားရတဲ့တာဝန်တွေကြောင့် လူတွေ စိတ်ဆင်းရဲနေတာမဟုတ်ဘူး။ မနေ့က၊ အတိတ်က ကိစ္စတွေအတွက် နောင်တနဲ့ မနက်ဖြန်၊ အနာဂတ်အတွက် စိုးရိမ်မှုတွေနဲ့ပဲ စိတ်နှလုံးတွေ ချုံးညိုးရ၊ စိတ်ပင်ပန်းရ၊ စိတ်ဆင်းရဲရ၊ သောကရောက်ရ ဖြစ်နေတာပါ။
အင်း….. နောင်တနဲ့ စိုးရိမ်မှုဆိုတဲ့ ဓားပြ အမြွှာညီနောင်ကသာ ကနေ့တာ လတ်တလောမှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့စိတ်တွေကို အတင်းလုယူနေကြတာလား။

အင်း…..မဖြစ်ဘူး၊ မဖြစ်ချေဘူး။

ရထားတွဲ ထိုင်ခုံတန်းနှစ်ခုကြားက လူသွားလမ်းလေးမှာ မနားတမ်း လမ်းလျှောက်ရင်း ရောက်နိုး ရောက်နိုးနဲ့ ကျန်နေတဲ့ ခရီးမိုင်တွေကို တွက်ဆတဲ့ အကျင့်ဆိုးကြီးကို ရပ်တန်းကရပ်မှ။

တောင်တွေ အထပ်ထပ် တက်မယ်။ ကြိုက်တာလေးတွေ ဖိစားလိုက်မယ်။ ဖိနပ်မပါ ဗလာနဲ့ခရီးပေါက်သလောက် ဖိသွားမယ်။ မြစ်ချောင်း အင်းအိုင်တွေကိုလည်း ဖိကူးရင်း ကျော်လွားသွားလိုက်ဦးမယ်။ ဆည်းဆာတွေရဲ့အလှကိုလည်း ဖိခံစားလိုက်ဥိးမယ်။ အားရပါးရ ရယ်လိုဥိးမယ်။ ငိုတာ၊ ညည်းတာတွေ အကုန်လုံးပါအောင် တအားလျှော့ချပစ်လိုက်စမ်းမယ်။

ဘ၀ဆိုတာ အသက်ရှင်နေတာ၊ အသက် ရှိနေတာကို ခေါ်တာပါ။ သွားသွားလာလာ ရှိနေမှ အသက်ကလည်း ရှင်နေ၊ ရှိနေမှာ။ အဲတော့ သွားရင်းလာရင်းနဲ့ပဲ ပျော်နေလိုက်တော့မယ်။

ဘူတာလား………………..

အချိန်တန်ရင်တော့ သည်ဘူတာပဲ ဆိုက်မှာပါလေ။

(The Station by Robert J Hastings)


No comments:

Post a Comment