မြန်မာပြည်တွင် နယ်ပယ်ဒေသ အလိုက် ပသရသော သီးခြားနတ်များ ရှိသည်။ ထိုနတ်များကို မိဘ၊ ဘိုးဘွားဘီဘင်မှစ၍ အစဉ်အဆက် ပသလာကြသဖြင့် မိဆိုင်ဖဆိုင်နတ်၊ ရိုးရာနတ်ဟူ၍ ခေါ်ကြသည်။
အိမ်တွင်းနတ်၊ အိမ်စောင့်နတ် အဖြစ် မင်းမဟာဂီရိအပြင်၊ မိဆိုင်ဖဆိုင်နတ်ကိုလည်း ပသကြသည်။ အောက်မြန်မာပြည်တွင် နေထိုင်သူများက နံကရိုင်းမယ်တော်ကိုလည်း ကောင်း၊ တလိုင်းကျော်နတ်ကိုလည်းကောင်း၊ ပသကြသည်။ ဦးရှင်ကြီးမှာ ပင်လယ်ကိုယ်စားပြုနတ်ဖြစ်သည်။ ပင်လယ်ပြင်ခရီးထွက်သူများက ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် မိမိတို့၏ ဆန္ဒပြည့်ဝစေရေးအတွက် စောင်မ စောင့်ရှောက်ရန် ဦးရှင်ကြီးကို ပသကြသည်။ နောက်ပိုင်းတွင် ပင်လယ်ရေငန်ဝင်သည့်ဒေသရှိ လူအားလုံးက ခရီးထွက်သည်ဖြစ်စေ၊ အိမ်မှာနေသည်ဖြစ်စေ ဦးရှင်ကြီးကို ပသလာကြသည်။
မုံရွာမြို့နယ်တစ်ဝိုက်ရှိ လူများက အလုံဘိုးတော်ကြီးကို လည်းကောင်း၊ အမေရေရင်ကိုလည်းကောင်း မိဆိုင်ဖဆိုင်နတ်အဖြစ် ပသကြသည်။ မန္တလေးအနီးတစ်ဝိုက်မှ လူများကမူ တောင်ပြုံးမင်းညီနောင်ကို မိဆိုင်ဖဆိုင်နတ်အဖြစ်လက်ခံထားသည်။
ရွှေဘိုနယ်တစ်ဝိုက်ကို လေ့လာကြည့်သောအခါ ဇီးတောနတ်သည် သူတို့၏ မိဆိုင်ဖဆိုင်နတ်ဖြစ်သည်။ ကိုးမြို့ရှင်နတ်၊ ပခန်းဦးမင်းကျော်၊ ပုပ္ပားမယ်တော် စသဖြင့် အရပ်ဒေသအလိုက် ပသမှုရှိသည်ကိုတွေ့ရသည်။ ဘည်။
အမိနှင့်အဖသည် တစ်နယ်တည်းသားဖြစ်ပါက ရိုးရာနတ်ပသမှုမှာ တူညီသည် ။ ဥပမာ ဇနီးနှင့် ခင်ပွန်းသည် ရွှေဘိုနယ်သားများဖြစ်ပါက မိဆိုင်ဖဆိုင်နတ်သည် ဇီးတောနတ်ဖြစ်သည်။ သားသမီးများ၏ မိဆိုင်ဖဆိုင်နတ်သည်လည်း ဇီးတောနတ်ဖြစ်သည်။
သို့သော် ဖခင်သည် မုံရွှာနယ်မှ ဖြစ်ပြီး မိခင်က ရွှေဘိုနယ်က ဖြစ်ပါက ဖခင်ဘက်မှ အလုံဘိုးဘိုးကြီးနှင့် ဆိုင်ပြီး မိခင်ဘက်မှ ဇီးတောနတ်နှင့်သက်ဆိုင်သည်။ သူတို့သည် ထိုအိမ်ထောင်စုနှင့်သတ်ဆိုင်သည့် နတ်နှစ်ပါးဖြစ်လာသည်။ နှစ်ပါးစလုံးကိုပင် ပသကြသည်။
ဤသို့သော အိမ်ထောင်စုတွင် သားသမီးများ ပေါက်ဖွားလာသောအခါ ကလေးများသည် မည်သည့်နတ်နှင့် သက်ဆိုင်ပါသနည်း ။ အလုံဘိုးဘိုးကြီးလော၊ ဇီးတောနတ်လေ။ ဖခင်ဘက်ကိုလိုက်ပြီး ပသမှုပြုသလော။ မိခင်ဘက်ကို ပသမှုပြုသလော။ အိမ်ထောင်စုများကို လေ့လာကြည့်သောအခါ ဖခင်ဘက်လိုက်သူများရှိသလို မိခင်ဘက်လိုက်ပြီး ပသသူများလည်းရှိကြသည်။ နှစ်ဖက်စလုံးမှ နတ်များကို လက်ခံပြီး ပသသူများလည်းရှိကြသည်။
သို့သော မြေးမြစ်များလက်ထက်တွင် အားလုံးကိုလက်ခံပသ၍ မဖြစ်။ တစ်ဦးဦးကိုသာ လက်ခံပသရမည်ဖြစ်သည်။ သားသမီးလက်ထက်တွင် မိဆိုင်ဖဆိုင် နှစ်ဦးဆိုပါက မြေးများလက်ထက်တွင် လေးဦး၊ မြစ်များလက်ထက်တွင် ရှစ်ဦး စသဖြင့် အဆပွားလာမည်ဖြစ်ပေသည်။
ဤသို့ဖြစ်လာသည့်အခါ ထင်ရှားသည့်နတ်ကို မိဆိုင်ဖဆိုင်အဖြစ်ပသကြသည်ကို တွေ့ရသည်။ ကျေးရွာတစ်ရွာနှစ်ရွာနှင့်သာ သက်ဆိုင်သည့်နတ်နှင့် ပခန်းဦးမင်းကျော် သို့မဟုတ် တောင်ပြုံးမင်းညီနောင်တို့နှင့် ယှဉ်ပါက ဦးမင်းကျော် သို့မဟုတ် တောင်ပြုံးမင်းညီနောင်ကို မိဆိုင်ဖဆိုင်အဖြစ် ပသကြသည်ကို တွေ့ရသည်။
မြန်မာတို့တွင် မိဆိုင်ဖဆိုင်နတ်အများအပြားပင်ရှိသည်။ အရပ်ဒေသ အနည်းငယ်ကွာခြားသွားရုံမျှနှင့် ဒေသနတ်ပသမှုမှာလည်း ကွဲပြားသွားသည်။
အင်းစောင်းတွင် နေထိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုလုပ်သူများက စားဝတ်နေရေးအဆင်ပြေစေရေးအတွက် အင်းနတ်ကိုပသကြသည်။ ထိုဒေသတွင် စိုက်ပျိုးရေးလုပ်ကိုင်သူများကလည်း ရေတွင်အန္တရာယ်မရောက်ရစေရန် အင်းနတ်ကိုပင် ပသကြသည်။ မိဘအဆင်အဆက်ပသလာကြရာမှ အင်းနတ်သည် ထိုသူတို့၏ မိဆိုင်ဖဆိုင်နတ်ဖြစ်လာသည်။
စစ်ကိုင်းတိုင် ရွာသစ်ကြီးတစ်ဖက်ကမ်းရှိ ကျောက်တစ်လုံးလက်ပံ့ပင်တစ်ဝိုက်က မိဆိုင်ဖဆိုင်အဖြစ် ပသသည့်နတ်ရှိသည်။ ထိုနတ်၏အမည်မှာ ဘကတင်းနတ်ဖြစ်၏။ ဘကမြင်းအင်းဘေးတွင် နတ်စင်ရှိသည်။ အခြား နတ်စင်တို့မှာ ရွာဦးတွင် ရှိတတ်သော်လည်း ဘကတင်းနတ်စင်မှာ ဘကမြင်းအင်းဘေးတွင်ရှိသည်။ အင်းစောင့်နတ်ဖြစ်ဟန်တူသည်။ နတ်၏အမည်မှာ မြန်မာအမည်ဟုတ်ဟန်မတူ မည်သို့သောနတ်ဖြစ်သည်ကို ဆက်လက်လေ့လာရန် လိုအပ်မည်ဖြစ်ပေသည်။
ယောနယ်တွင် တောင်များပေါများရာ ရွာသူရွာသားများက တောင်စောင့်နတ်ကို ရိုးရာနတ်၊ မိဆိုင်ဖဆိုင်နတ်အဖြစ် ပသကြသည်။ နတ်ကိုကြောက်ရွံ၍ လည်းကောင်း၊ တောင်ပေါ်တက် ထင်းခုတ်၊ ၀ါးခုတ် စသည့် အသက်မွေးဝမ်းကြောင်းပြုမှုတစ်ခုခုအတွက် လည်းကောင်း၊ တောင်စောင့်နတ်အား ပသကြသည်။ သူတို့အား ဒုက္ခမပေးစေရန်နှင့် ကူညီစောင့်ရှောက်ရန် ဘိုးဘွားစဉ်ဆက်ပသလာကြရာမှ ထိုတောင်စောင့်နတ်များသည် မိဆိုင်ဖဆိုင်နတ်ဖြစ်လာကြသည်။
ထီးလင်းမြို့တွင် နေထိုင်သူအချို့က ကျောက်မဆင်နတ်၊ တောင်ညိုနတ်၊ တောင်လုံးနတ်ကိုလည်းကောင်း၊ ထီးလင်းမြို့နယ် စို့ပြားရွာတွင် နေထိုင်သူတို့က ခွက်ဆေးတောင်နတ်ကိုလည်းကောင်း၊ အုန်းတွဲရွာတွင် နေထိုင်သူတို့က ပေါင်မင်းတောင်နတ်ကိုလည်းကောင်း၊ ကျင်းရွာတွင် နေထိုင်သူတို့က အင်တောင်နတ်၊ ပုံတောင်နတ်ကိုလည်းကောင်း မိဆိုင်ဖဆိုင်နတ်အဖြစ် ပသကြသည်။
ကျောက်ထုနယ်တွင် နေထိုင်သူတို့က ခမ်းကိုတောင်၊ မအိုတောင်စောင့်နတ်များကို ရိုးရာနတ်များအဖြစ် ပသကြသည်။ ထိုနတ်တို့ကို ခတိုနတ်၊ မအိုနတ်ဟုခေါ်ကြသည်။
မိုးကုတ်တွင် အချို့ကိုမေးမြန်းကြည့်ရာ မိဆိုင်ဖဆိုင်နတ်ဟူ၍ တိတိကျကျမရှိဟု သို့မဟုတ် မသိသူများရှိကြသည်။ ထိုအခါ
ရွာစောင့်နတ်၊ မြို့စောင့်နတ်ဖြစ်သည့် မြင်းဖြူရှင်ကိုပင် မိဆိုင်ဖဆိုင်နတ်အဖြစ် အချို့က လက်ခံပသကြသည်။
ရွာစောင့်နတ်၊ မြို့စောင့်နတ်ဖြစ်သည့် မြင်းဖြူရှင်ကိုပင် မိဆိုင်ဖဆိုင်နတ်အဖြစ် အချို့က လက်ခံပသကြသည်။
မိုးကုတ်မြေတွင် ရတနာတူးဖော်ရာမြေဖြစ်ခြင်းကြောင့် ရတနာစော့်နတ်များဟု ယူဆနိုင်သည့် နတ်များကို ပသမှုပြုလုပ်ကြသည်။ ရွှေကိုင်သခင်မ၊ သော့ကိုင်သခင်မ၊ အနောက်ပိုင်းဘိုးတော်ကြီး၊ ချောင်းဆုံဘိုးတော်ကြီး ၊ ကျောက်ကုလားဘိုးဘိုးကြီး၊ ဘိုးတော်မှိုင်း တို့သည် မိုးကုတ်နယ်မြေတွင် ပသသည့်နတ်များဖြစ်ကြသည်။
မန္တလေးအနီးတစ်ဝိုက်တွင် နေထိုင်သဖြင့် တောင်ပြုန်းညီနောင်သည် မိဆိုင်ဖဆိုင်နတ်ဖြစ်ကြသည်။ ရွှေဘိုသို့်ပြောင်းရွှေ့နေထိုင်သဖြင့် ဇီးတောနတ်ကို မိဆိုင်ဖဆိုင်နတ်အဖြစ် ယူဆမရသကဲ့သို့ ပဲခူးနယ်တွင် နေထိုင်သဖြင့် နန်ကရိုင်းမယ်တော်ကို လည်း ဤသို့ယူဆ၍ မရပေ။ မြန်မာပြည် မည်သည့်အရပ်တွင် နေထိုင်သည်ဖြစ်စေ၊ မိဆိုင်ဖဆိုင် နတ်သည် တသမတ်တည်းသာ ရှိရသည်။
ပြောင်းလဲပသ၍မရပေ။
ဝန်းသိုဇာတိဖြစ်ပြီး ယခုထီးလင်းမြို့တွင် နေထိုင်သူတစ်ဦး၏ မိဆိုင်ဖဆိုင်နတ်မှာ မှိုင်းတုံဘိုးတော်ကြီးဖြစ်သည်။ ပေါက်မြို့ဇာတိ ထီးလင်းတွင် နေသူတစ်ဦးက ရွှေနပေကို ပသကြသည်။ ပခုက္ကူသားက အမေရေရင်ကို ပသပြီး စလင်းနယ်သားအတွက်မူ ကိုးရေရင်နတ်နှင့်ဆိုင်သည်။ လားရှိုးဇာတိသားတစ်ဦး၏ မိဆိုင်ဖဆိုင်နတ်မှာ ကိုးမြို့ရှင်ဖြစ်ပြီး တောင်ငူမှပြောင်းရွှေ့လာသူတစ်ဦးကမူ နန်ကရိုင်းမယ်တော်ကိုပသကြသည်။
မိဆိုင်ဖဆိုင်နတ်ကိုသိပါက ထူသူ၏ ဇာတိဇာတ်မြစ်သည် မည်သည့်အရပ်ကဖြစ်မည်ကို ခန့်မှန်းယူနိုင်သည်။
မန္တလေးအနီးစဥ့်ကိုင်မြို့နယ်၊ ဆည်ရွာတွင် နေထိုင်သူအမျိုးသားတစ်ဦး၏ မိဆိုင်ဖဆိုင်နတ်မှာ တလိုင်းကျော်ဖြစ်သည်။ သူသည် ဆည်ရွာတွင်မွေးဖွားသော်လည်း ဆည်ရွာသူ၊ ရွာသားများပသသည့် ရွေကူးကကော်(ရွှေဖူးကကော် ?) နှင့်သက်ဆိုင်မှုမရှိပေ။ ဖခင်ကလည်း ဆည်ရွာတွင် မွေးဖွားလာသည်ဟု ဆိုသည်။ သူတို့၏ အဆက်တစ်ဆက်ဆက်သည် မြန်မာပြည်အောက်ပိုင်းမှ ပြောင်းရွှေ့ခဲ့ဟန်တူပေသည်။
စိတ်မ၀င်စားသဖြင့် မိဆိုင်ဖဆိုင်နတ်ကို အမှုမထားပသမှုမပြုဘဲ ထားကြသူ အမြောက်အများ ရှိသည်။ သို့သော် ရောက်ရှိရာအရပ်ဒေသမှ နတ်ကိုကား ပြောင်းလဲပသခြင်း မပြုလုပ်ကြပေ။
သားသမီးများလူလားမမြောက်မီ မိဘများ ကွယ်လွန်သေဆုံးသွားကြသဖြင့် မိဆိုင်ဖဆိုင်နတ်ကို မမေးလိုက်ရလျှင် အခက်အခဲမရှိပါ။ မိဖ တို့၏ ဇာတိဇာတ်မြစ်ကိ ပြောပြနိုင်လျှင် နတ်ကတော်များက သက်ဆိုင်ရာမိဆိုင်ဖဆိုင်နတ်ကို ပြောပြကြပေလိမ့်မည်။
နတ်ကတော်တို့အား ယုံကြည်မှုမရှိသဖြင့် မိမိကိုယ်တိုင် ဓိဌာန်ပြီး မိဆိုင်ဖဆိုင်နတ်ကို မေးမြန်းသူလည်း ရှိသည်။ ကန်တော့ပွဲထိုးပြီး မိမိနှင့်သတ်ဆိုင်သောနတ် ဆိုပါက၊ မ၍ မရနိုင်အောင်လေးပါစေ၊ မသက်ဆိုင်ပါက ပေါ့ပါစေဟု အဓိဌာန်ပြီး ကန်တော့ပွဲကို မကြည့်သည့် အမျိုးသမီးတစ်ဦးကို စာရေးသူတွေ့ကြုံဖူးသည်။ သူ့အဓိဌာန်အတိုင်းသိရသည့်နတ်ကိုပင် မိဆိုင်ဖဆိုင်နတ်အဖြစ် သူသည် နှစ်စဉ်ပသလျှက်ရှိ၏။
မိဆိုင်ဖဆိုင်နတ်များသည် ဒေသနတ်များဖြစ်ကြသည်။ သူ့ဒေသနှင့် သူအပိုင်စားရသော နတ်များလည်း ဖြစ်သည်။ တစ်ရပ်တစ်ပါးမှ ပြောင်းရွှေ့လာသူများက သယ်ဆောင်လာသဖြင့် အခြားဒေသမှနတ်များ မိမိပိုင်နက်အတွင်း သို့ ရောက်ရှိလာသော် လည်း မည်သို့မျှမဖြစ်၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ကြသည်ကို အံ့သြဖွယ်ရာ တွေ့ရပေသတည်း။ ။
No comments:
Post a Comment