မိဘများသည် ရင်သွေးငယ်များကို မိမိတို့ရင်တွင်းမှ “ချစ်” နေရုံနှင့်မပြီးပါ။ မိမိတို့ချစ်ကြောင်း ရင်သွေးငယ်သိရှိစေရန် ဖော်ထုတ် ပြသရန်လည်း အရေးကြီးပါသည်။ ရင်သွေးငယ်များနှင့် လက်ပွန်းတတီးနေခြင်း၊ ရင်သွေးငယ် များနှင့် စကားပြောခြင်း၊ ရင်သွေး ငယ်များပြောကြသည်ကို နားဆင်ခြင်း အစရှိသည်တို့သည် ရင်သွေးငယ်များကို ချစ်ကြောင်း ပြသခြင်းဖြစ်ပါသည်။ ဤသို့ချစ်ကြောင်း ပြသခြင်းမှတစ်ဆင့် ရင်သွေးငယ်ပန်းဖူးငယ်လေးများအကြောင်းကို မိဘတို့ “သိ” ရန်ကြိုးစားကြရမည်ဖြစ်ပါသည်။ မိမိတို့ ရင်သွေးအကြောင်း မိမိသေချာစွာ “သိ” မှသာ သူတို့လေးများအကြောင်းကို နားလည် လာမည်ဖြစ်ပြီး ပဲ့ပြင်လမ်းညွှန်ဆုံးမသွန်သင်မှု ပြုနိုင်လာမည်ဖြစ်ပါသည်။မိမိတို့၏ အချစ်ဖူးငုံလေးများအကြောင်း အဘယ်မျှ သိရှိသည်ကို အောက်ပါမေးခွန်းများဖြင့် ဆန်းစစ် အမှတ်ပေးကြည့်ပါ။
မေးခွန်းများ
၁။ သင့်ရင်သွေး၏ အချစ်ဆုံးသူငယ်ချင်းကို သင်သိပါသလား။
၂။ သင့်ရင်သွေး၏ အနှစ်သက်ဆုံးအရောင်ကိုရော သတိပြုမိပါသလား။
၃။ သင့်ရင်သွေး သဘောအကျဆုံး၊ အားအကျဆုံး “သူရဲကောင်း” သည်မည်သူဖြစ်ပါသလဲ။
၎။ သင့်ရင်သွေးကို စိတ်အနှောက်အယှက်အပေးဆုံးအရာကို သင်သိပါရဲ့လား။
၅။ သင့်ရင်သွေးငယ်အကြောက်ဆုံးအရာကိုရော သိပါသလား။
၆။ အားကစားရုံသို့ရောက်လျှင် သင့်ရင်သွေးသည် မည်သည့်အားကစားနည်းကို ကစားတတ်ပါသလဲ။
၇။ သင့်ရင်သွေးကို မိသားစုပြင်ပမှ မည်သူသည် လွှမ်းမိုးမှုအရှိဆုံးဖြစ်ပါသလဲ။
၈။ သင့်ရင်သွေး အနှစ်သက်ဆုံးတေးဂီတကို သင်သတိပြုမိပါရဲ့လား။
၉။ သင့်ရင်သွေး အနှစ်သက်ဆုံး (သို့မဟုတ်) အမုန်းဆုံးဘာသာရပ်ကို သိပါသလား။
၁၀။ သင့်ရင်သွေးသည် မည်သည့်အောင်မြင်မှုကို ဂုဏ်အယူဆုံးဖြစ်ပါသလဲ။
၁၁။ မိသားစုနှင့်ပတ်သက်၍ မည်သည့်အရာကို သင့်ရင်သွေး မကျေနပ်ဆုံးဖြစ်ပါသလဲ။
၁၂။ ရင်သွေးငယ် အနှစ်သက်ဆုံး ရုပ်မြင်သံကြား အစီအစဉ်ကို သင်သတိပြုမိပါရဲ့လား။
၁၃။ သင့်ရင်သွေး အနှစ်သက်ဆုံးအားကစားနည်းကို သိပါရဲ့လား။
၁၄။ သင်သည် သင့်ရင်သွေးအတွက် ကမ္ဘာပေါ်ရှိ မည်သည့်အရာကို မဆို ၀ယ်ပေးနိုင်သည်ဆိုပါက ရင်သွေးငယ်သည် မည်သည်ကို ပထမဆုံးရွှေးချယ်မည်ကို သင်သိပါသလား။
၁၅။ ရင်သွေးငယ်သဘောအကျဆုံးဆရာ (သို့မဟုတ်) ဆရာမကို သိပါသလား။
၁၆။ ရင်သွေးငယ်အား ဒေါသထွက်စေတတ်သောအရာကို သင်သတိထားမိပါသလား။
၁၇။ သင့်ရင်သွေးသည် ကျောင်းတွင် ၎င်းကို အခြားကလေးများက နှစ်သက်သည်ဟု ခံစားရသည် ထင်ပါသလား။
၁၈။ အရွယ်ရောက်လာလျှင် သင့်ကလေးငယ်သည် မည်သည့်အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်ချင်ပါသလဲ။
၁၉။ ယခုနှစ်အတွင်း သင့်ရင်သွေးငယ်၏ အကြီးမားဆုံး စိတ်ပျက်မှုကို သင်သတိပြုမိပါရဲ့လား။
၂၀။ သင့်ရင်သွေးသည် သူ့ကိုယ်သူ ထွားလွန်းသည် (သို့) ညှက်လွန်းသည်ဟု ထင်နေပါသလား။
၂၁။ သင့်ထံမှ မည်သည့်လက်ဆောင်ကို သင့်ရင်သွေး အနှစ်သက်ဆုံးပါသလဲ။
၂၂။ သင့်ရင်သွေးသည် ရက်အားတွင် မည်သို့ အပန်းဖြေလိုပါသလဲ။
၂၃။ အော်ကပါအိမ်အလုပ်များအနက် မည်သည်ကို သင့်ရင်သွေး အမုန်းဆုံးပါလဲ။
(က) ပန်းကန်ဆေးခြင်း။ (ခ) အိပ်ခန်းရှင်းလင်းခြင်း။ (ဂ) အမှိုက်သွန်ခြင်း။
၂၄။ မကြာသေးမီက သင့်ရင်သွေးဖတ်ခဲ့သော ပြင်ပစာအုပ်ကို သင်သိပါသလား။
၂၅။ ရင်သွေးငယ် အနှစ်သက်ဆုံး မိသားစုအခမ်းအနားကို သိပါသလား။
၂၆။ သင့်ရင်သွေး အနှစ်သက်ဆုံးနှင့် အမုန်းဆုံးအစားအစာ။
၂၇။ ကျောင်းတွင် သင့်ရင်သွေးနောက်ပြောင် အခေါ်ခံရသည့်အမည်။
၂၈။ အိမ်စာများကို မည်သည့်အချိန်တွင် သင့်ရင်သွေးလုပ်လိုဆုံးနည်း။
(က) ကျောင်းမှပြန်ရောက်စ (ခ) ညစာစားပြီးနောက် (ဂ) အိမ်ရာမ၀င်မီ (ဃ) နံနက်ခင်းကျောင်းမသွားမီ
၂၉။ သင့်ရင်သွေး အနှစ်သက်ဆုံးအိမ်မွေးတိရစ္ဆာန်သည် (က) ကြောင် (ခ) ခွေး (ဂ)ငှက် (ဃ) ငါးတို့အနက် မည်သည့် တိရစ္ဆာန်ဖြစ်ပါသလဲ။
၃၀။ သင့်ရင်သွေး တန်ဖိုးအထားဆုံး ပစ္စည်း။
အမှတ်ပေးနည်း။
အဖြေပေးနိုင်သော မေးခွန်းတစ်ပုဒ်အတွက် တစ်မှတ်ပေးပါ။
၂၅ မှတ်မှ ၃၀ ကြား ရလျှင် သင်သည် သင့်ရင်သွေးအကြောင်းကောင်းကောင်းသိသူဖြစ်သည်။ သင့်ရင်သွေးနှင့် ရင်းနှီးကျွမ်းဝင်၍ သင့်ရင်သွေး ပြောသမျှကောင်းစွာနားဆင်သည်။ တစ်နည်းဆိုရသော် သင်သည် သင့်ရင်တွင်းမှ “ချစ်” သကဲ့သို့ သားသမီးကိုလည်း ချစ်ကြောင်းကောင်းစွာ ဖော်ထြုတ်ပြတတ်သူဟု အဓိပ္ပာယ်ရပါသည်။ ဤအတိုင်းဆက်လက်နေထိုင်ပါ။
၁၄ မှတ် မှ ၂၅ မှတ် အတွင်း ရလျှင်မူ သင်သည် သင့်ရင်သွေးအကြောင်း အတော်များများသိသူ (၀ါ) အတော်များများ ချစ်ကြောင်းပြနိုင်သူဟု ဆိုရပါမည်။ သို့သော် သင့်ရင်သွေးနှင့် ပို၍ ရင်းရင်းနှီးနှီးနေရန် ပြောသမျှကို ဂရုစိုက်နားဆင်၍ ချစ်ကြောင်းပြသရန် လိုအပ်နေပါသေးသည်။
၁၄ မှတ် နှင့် ၁၄ မှတ်အောက်ရလျှင်မူ သင်ကြိုးစားရပါလိမ့်မည်။ သင်သည် သင့်ရင်သွေးနှင့်ဆက်သွယ်မှု ပြုသင့်သလောက်မပြု။ ချစ်ကြောင်းပြသင့်သလောက် မပြ၍ ဖြစ်သည်။ ရင်သွေးငယ်ကို ရင်တွင်းမှ အမှန်တကယ် ချစ်ပါက ပိုမို၍ လက်ပါန်းတတီးနေရန် ၊ ရင်သွေးငယ်ပြောသမျှ ပိုမို၍ နားဆင်ရန် လိုအပ်နေပါသည်။ ။
ဦးမောင်မောင်သိမ်း (ကြယ်ငါးပွင့်)
1985 ပါ How will do you know your children ကိုပြန်ဆိုပါသည်။
No comments:
Post a Comment