Monday, October 8, 2012

ခွေးကဗျာ


တချို့ ခွေးတွေက အသံထွက်ကြတယ်
သူတို့ကို ဟောင်တဲ့ခွေး လို့ ခေါ်မယ်။

တချို့ခွေးတွေက အသံမထွက်ကြ
သူတို့ကို ခွေးအ လို့ ခေါ်မယ်။

တချို့ခွေးတွေက ဟောင်ရင်း ဆွဲတယ်
သူတို့ကို ခွေးဆိုး လို့ ခေါ်မယ်။

တချို့ခွေးတွေက မဟောင်ပဲ ဆွဲတယ်
သူတို့ကို ခွေးညစ် လို့ ခေါ်မယ်။

တချို့ခွေးတွေက မဟောင် ၊ မဆွဲကြ
သူတို့ကို ခွေးငပေါ လို့ ခေါ်မယ်။

တချို့ခွေးတွေက မြင်မြင်သမျှ အထိတ်တလန့်ရှိတယ်
သူတို့ကို ခွေးငကြောက် လို့ ခေါ်မယ်။

တချို့ခွေးတွေက ရှူးတိုက်တိုင်း ကိုက်တယ်။
သူတို့ကို ခွေးငနုံ လို့ ခေါ်မယ်။

တချို့ခွေးတွေက မြင်မြင်သမျှ ဆွဲတယ်။
သူတို့ကို ခွေးရူး လို့ ခေါ်မယ်။

တချို့ခွေးတွေက အရာရာကို သူနဲ့ မဆိုင်သလို နေတယ်
သူတို့ကို ခွေးမျိုးမစစ် လို့ ခေါ်မယ်။

လောကကြီးမှာ ခွေးတွေ များလှတယ်။
ခွေးကို ခွေးလို့ အမျိုးမျိုး သတ်မှတ်ကြသေးတယ်။
ခွေးကပဲ ခွေးကို ခွေးလို့ မထင်တာတွေ ရှိသေးတယ်။
ခွေးကပဲ ခွေးဇာတ်ခင်းသေးတယ်။
ခွေးကိုပဲ ခွေးလို့ မသတ်မှတ်ရတာ ရှိတယ်။
ခွေးကိုနှိုင်းပြီး ခွေးပုံပမာတွေလည်း ရှိတယ်။
ခွေးကိုအရာပြပြီး ခွေးစကားပုံတွေလည်း ရှိတယ်။

ဟောင်လွန်းတဲ့ ခွေး လူမလေးတဲ့
ဒါပေမဲ့. . .
ဟောင်နေတဲ့ ခွေးကို လျှစ်လျှူရှုထား နိုင်ပြီလား။
သူ့အသံကြားတိုင်း ခေါင်းလေးတော့
စောင်းကြည့်မိတယ် မဟုတ်လား။

မဟောင်ပဲ ရှူးကနဲ တန်းကိုက်တဲ့ ခွေးကို
Good Dog ဆိုပြီး ဆုတံဆိပ်တွေရော
သင်က ချီးမြှင့်ပေးဖူးလား။
ပေးရ ၊ လျော်ရလို့ သင် စိတ်မပျက်ဖုးဘူးလား။

ခွေးကလေးကိုလည်း အရောသွားဝင်တော့
ကိုယ့်မှာ . . .
သူ့သွားရည်တွေနဲ့ ပေကျံလို့. . .
ဒါပေမဲ့ . . တစ်ခုစဉ်းစား ၊
ဒါက သူက ချစ်လို့။
မချစ်ရင် . . .ဟေ့. .ဒီမှာ
အစွယ်ရာပဲ ကျန်မယ်။

ခွေးဟောင်ရင် တောင်မရွေ့ဘူး ဆိုပေမဲ့
သေချာတယ်. . .
ဒီတောင်က ရွေ့လို့ မှ မရလို့သာ
သူ့ခဗျာ နားတော့ အတော်ငြီးရှာမှာပဲ။
ဟုတ်တယ်ဟုတ်...။

တချို့က ပြောကြသေးတယ်။
ခွေးလေးခုန်လို့ ဖုန်မထဘူးတဲ့။
ဒီမှာ . . .ကြာလာတော့လည်း
ဖုန်မထပေမဲ့ မြေပွတယ်။
စိတ်တွေ ပျက်လို့....။

ခွေးကြီးမှ လက်ပေးသင်လို့ မရဘူး ဆိုပေမဲ့
ခွေးသေးတော့လည်း လက်ကို လျှက်နေတာနဲ့
သွားရည်ပေတာပဲ အဖတ်တင်တယ်။
အကြောင်းမထူး။

ဘယ်လိုပဲ ပြောပြော
ခွေးဟောင်လို့ . . .
အို . .အသင်တောင် မရွေ့ဘူးလား။
ဒါဆို . . .နားတော့ ငြီးမှာပဲ။

ခွေးလျှက်လို့ . . .
အို . . အသင်တောင် အရာ မယွင်းဘူးလား။
ဒါဆို အူတော့ ယားမှာပဲ။

ခွေးယက်လို့ . . .
အို. . အသင်တောင် ပုံမပျက်ဘူးလား။
ပြန်ကြည့်ပါဦး. .ကိုယ်အောက်ခြေ
နည်းနည်းလေးတော့ ဂလိုင်ဖြစ်နေပြီ။

ခွေးဆိုတာ ဟောင်ပဲ ဟောင်ဟောင်
ခွေးဆိုတာ ကိုက်ပဲ ကိုက်ကိုက်
ခွေးဆိုတာ လျှက်ပဲ လျှက်လျှက်
ခွေးဆိုတာ ယက်ပဲ ယက်ယက်
ဒီမှာ. . .
ကိုယ့်မှာ တစ်စွန်းတစ်စတော့
ပွန်းရှ စိတ်ပျက်ရတယ်။

ကျွန်တော်ဗျာ....
ခွေးတွေနဲ့ ဝေးချင်တယ်။


ကိုဇော် ခံစားပုံဖော်သည်။

ဒီနေ့ ခွေးကိုက်ခံရသော အမှတ်တရ ( ခွေးက လူခွေးပါ။ ) 

အရမ်းကောင်းလွန်းလို့ ကိုဇော် (www.zaw357.net) ဆီက တဆင့်ကူးယူဖော်ပြလိုက်ပါတယ်ဗျာ..