Friday, July 6, 2012

မိမိအရည်အသွေးအားမိမိကိုယ်တိုင်ဆန်းစစ်သုံးသပ်ခြင်း

တစ်ခါတုန်းက လူတစ်ယောက်က လမ်းဘေးဖုန်းဆိုင်မှာ ဖုန်းလာဆက်တယ်။ ဖုန်းဆိုင်ပိုင်ရှင်ကလည်း မသိလိုက်မသိဘာသာ အဲဒီလူပြောတဲ့စကားသံတွေကိုနားစွင့်နေတယ် ။ 
ဖုန်းဆက်သူ “ ဟလို မခင်မြင့် လားခင်ဗျ -- အော် ဒီလိုပါ ကျွန်တော်တစ်ခုလောက်စုံစမ်းချင်လို့ပါ မခင်မြင့် ခြံထဲက မြက်တွေရှင်းဖို့ ကျွန်တော့်ကိုအလုပ်တစ်ခုလောက်ပေးနိုင်မလားခင်ဗျ ” 
တစ်ဖက်မှ-“ ကျွန်မဆီမှာ မြက်ခင်းတွေရိတ်ဖို့ လူရှိပြီးသားပါရှင် ” 
ဖုန်းဆက်သူ “ မခင်မြင့်ရေ ဒီလိုလုပ်ပါလားခင်ဗျ အခု မခင်မြင့်ဆီမှာ လုပ်နေတဲ့ မြက်ခင်းပြင် ရိတ်တဲ့သူ ထက် ကျွန်တော်က တစ်ဝက်လျော့ယူပါ့မယ် ကျွန်တော့်ကို အလုပ်ပေးလို့ရမလားခင်ဗျ ” 
 တစ်ဖက်မှ - “ အခု လက်ရှိလုပ်နေတဲ့ အလုပ်သမားကိုပဲ ကျွန်မ ပိုသဘောကျပါတယ်ရှင် ”
ဖုန်းဆက်သူ (သည်းခံနှိမ့်ချသောလေသံဖြင့်) “ မခင်မြင့်ရေ ဒါဆိုလည်း ကျွန်တော့်ကို အဲဒီအလုပ်လေး ပဲပေးပါခင်ဗျာ ကျွန်တော် အိမ်တစ်ခုလုံးရဲ့ကြမ်းပြင်နဲ့ လှေကားတွေကို ပိုက်ဆံမယူပဲ သန့်ရှင်းရေး လုပ်ပေးပါ့မယ် ”
တစ်ဖက်မှ “ ဟင့်အင်း---ကျေးဇူးတင်ပါတယ်ရှင် ”
-------------------------------------------------------------------------------------------
ဖုန်းဆက်တဲ့လူရဲ့မျက်နှာတစ်ချက်ပြုံးလိုက်တယ် ။ ပြီးတော့ဖုန်းခွက်ကို ပြန်ချထားလိုက်တယ် ။ ဖုန်းဆိုင်ပိုင် ရှင်က ဖုန်းဆက်တဲ့သူဆီလျှောက်လာတယ် ။

ဖုန်းဆိုင်ပိုင်ရှင် “ လူလေး မင်းရဲ့ စိတ်နေသဘောထားကိုငါသဘောကျတယ် ဒီလို အကောင်းမြင် စိတ်နဲ့ အလုပ်တစ်ခု ရဖို့ ကြိုးစားတာကိုငါသဘောကျတယ် မင်းကို ငါအလုပ်ပေးချင်တယ် ”
ဖုန်းဆက်သူ “ ဟင့်အင်း ကျေးဇူးတင်ပါတယ်ခင်ဗျ ”

ဖုန်းဆိုင်ပိုင်ရှင် “ ဒါပေမယ့် မင်း အလုပ်ရဖို့အတွက် ငါ့ရှေ့မှာတင် အသနားခံနေတာငါတွေ့တယ်လေ ”
ဖုန်းဆက် သူ “ မဟုတ်ပါဘူးခင်ဗျ ကျွန်တော့်ရဲ့လုပ်ရည်ကိုင်ရည်ကို ကိုယ့်ဘာသာစမ်းသပ်ကြည့်တာပါ တ ကယ်တော့ ကျွန်တော်ဖုန်းဆက်နေတဲ့အလုပ်ရှင်ဆီမှာ ကျွန်တော်က လက်ရှိအလုပ်လုပ်နေတဲ့သူပါ ”
---------------------------------------------------------------------------------------------------
“ အဲဒါကို မိမိအရည်အသွေးအား မိမိကိုယ်တိုင် ဆန်းစစ်သုံးသပ်ခြင်းလို့ခေါ်တယ် လူဆိုတာ ကိုယ်လုပ်နေ တဲ့အလုပ် ကိုယ်ရောက်နေတဲ့နေရာကို အမြန်တမ်း ဆင်ခြင်သုံးသပ်မှုရှိနေမှသာ တိုးတက်နိုင်မယ် ဒီလိုမှ မဟုတ်ပဲ ရောက်တဲ့နေရာမှာ ရတဲ့အရာလေးနဲ့ပျော်နေရင်တော့ ကိုယ့်အရည်အသွေးဟာ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ဘူး ”

သက်တန့်ချို
A little boy and the store owner အားဘာသာပြန်သည်

Thursday, July 5, 2012

မြန်မာသတင်းစာသမိုင်း ၃

သူရိယသတင်းစာ 
အထက်ပါခေတ်သစ်မြန်မာများကိုယ်တိုင် ပထမဦးဆုံးထုတ်ဝေသော သည်ဘားမင်း သတင်းစာမှာ ကြာရှည်စွာမတည်တံ့ပဲ တစ်နှစ်ခန့်လောက်နှင့် ရပ်တန့်သွားရာ ဦးလှဖေသည် ဦးဘဖေနှင့်တွဲကာ ၁၉၁၁ ခုနှစ်တွင် သူရိယသတင်းစာ ကို တည်ထောင်ထုတ်ဝေလေသည်။ သူရိယသတင်းစာမှာ အင်္ဂလိပ်စာတတ် ခေတ်မီလူသစ်များ ကြီးကြပ်အုပ်ချုပ်လျက် ဆရာတော် ဦးဥတ္တမ၊ သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီးဦးပွား၊ ဦးပြုံးချို၊ မှော်ဘီဆရာသိန်းကြီး၊ ရွှေဥဒေါင်း စသော ပုဂ္ဂိုလ်ကြီးများ ပါဝင်ရေးသားကြသောကြောင့် သတင်းစာတစ်ခေတ် ပြောင်းလဲစေသော ရှေ့ဆောင်သတင်းစာကြီးဖြစ်လာလေသည်။
၁၉၁၄ ခုနှစ်၊ ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားလာသည်တွင် စစ်ကြီးအကြောင်း နောက်ဆုံးသတင်းများကို ဖတ်လိုသော မြန်မာပရိတ်သတ်များအတွက် ဦးရွှေကြူးက စစ်ကြေးနန်းသတင်းကို ထုတ်ဝေလေသည်။ ၄င်း သတင်းစာမှာ စစ်သတင်းများသာ မဟုတ်၊ တိုက်ပွဲဓာတ်ပုံများကို ဘလောက်ပြုလုပ်ထည့်သွင်းဖော်ပြသဖြင့် မြန်မာသတင်းစာများအနက် ဓာတ်ပုံ၊ ရုပ်ပုံပါသော ပထမသတင်းစာဖြစ်လေသည်။ ၁၉၁၇ ခုနှစ် လောက်တွင် ဦးရွှေကြူး စင်္ကာပူသို့ရောက်သွားသည်တွင် ရပ်စဲသွားသည်။ 
ဝံသာနုခေတ်သတင်းစာများ
ထို့နောက် ၁၉၁၇ ခုနှစ်၊ အိန္ဒိယနိုင်ငံတော်ဆိုင်ရာ ၀န်ကြီးမွန်တေဂူနှင့် အိန္ဒယဘုရင်ခံချုပ် လော့ဒ်-ချမ်းစဖို့ တို့၏ ပြုပြင်ပြောင်းလဲရေးကြေညာချက်နှင့်ပတ်သက်၍ မြန်မာတို့က ကိုယ်ပိုင်အုပ်ချုပ်ရေး (ဟုမ္မရူး) တောင်းသည်တွင် ၀ံသာနုခေတ်ကြီး ပေါ်လာလေသည်။ ထိုအချိန်လောက်တွင်ပင် ပညာ့အလင်းသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ၊ မြန်မာပြည်စောင့်သတင်းစာများ ပေါ်လာကြသည်။ ထို့နောက် ၁၉၂၀ ကျော်တွင် လစ်ဘာတီ၊ ဒီးဒုတ်၊ ဗန္ဓုလ၊ ဇေယျ၊ သစ္စာဝါဒီ၊ အောင်မြန်မာ၊ ၀ံသာနု၊ တိုင်း ချစ်မြန်မာ၊ ဘားမားအော့ ဗဆားဘား၊ နယူးဘားမား စသောသတင်းစာများ ပေါ်လာ၍ အင်္ဂလိပ်အစိုးရ အုပ်ချုပ်ပုံပေါ်လာ၍ အင်္ဂလိပ်အစိုးရအုပ်ချုပ်ပုံစသည်များကို ပြင်းပြင်းထန်ထန်ဝေဖန် ရေးသား၍ ၀ံသာနု မျိုးချစ်စိတ်ဓာတ်ကို အမြင့်ဆုံးရောက်အောင် နှိုးဆော်ပေးကြလေသည်။ အင်္ဂလိပ်အစိုးရကလည်း နည်းအ မျိုးမျိုးဖြင့် ဖိနှိပ်ချုပ်ချယ်၍ အယ်ဒီတာများမှာ ထောင်တဖုတ်ဖုတ် ကျကြလေသည်။ ထိုသို့ဖိနှိပ်ချုပ်ချယ်မှု အောက်တွင် ရုန်းကန်ကြရာတွင် သတင်းစာလုပ်ငန်းမှာ သတင်းယူပုံ၊ ရေးနည်းရေးပုံ၊ အထားအသို၊ အယူ အဆမှစ၍ တစ်နှစ်ထက်တစ်နှစ် စနစ်ကျ၍ အဆင့်အတန်း တိုးတက်လာလေသည်။
စစ်တွင်းဂျပန်ခေတ်သတင်းစာ
၁၉၄၂ ခုနှစ် ဂျပန်စစ်တပ် မြန်မာပြည်သို့ တိုက်ခိုက်ဝင်လာ၍ စစ်တပ်အုပ်ချုပ်ရေး လက်အောက်သို့ ရောက်သောအခါ သတင်းစာ လွတ်လပ်ခွင့်မရသည့်ပြင် စက္ကူရှားပါးမှုဒဏ်ကြောင့် သူရိယသတင်းစာ မြန်မာ့အလင်းသတင်းစာ မြန်မာအစိုးရက ထုတ်သော ဗမာ့ခေတ်၊ ဂျပန်စစ်တပ်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်သော ဂရိတ်တား-အေရှသတင်းစာတို့သာ ထွက်ပေါ်တော့သည်။
စစ်ပြီးခေတ်
၁၉၄၅ ခုနှစ်၊ ဂျပန်လက်နက်ချ အရှုံးပေး၍ အင်္ဂလိပ်များပြန်လည်ဝင်ရောက်လာသောအခါ စစ်မဖြစ်မီက သတင်းစာများဖြစ်သော သူရိယ၊ မြန်မာ့အလင်း၊ စစ်တွင်းက ဖြစ်သော ဗမာ့ခေတ်၊ နောက်ထပ်ပေါ်ထွက် လာသော ခေတ်သစ်၊ မြန်မာ့တက်လမ်း၊ လမ်းညွှန်၊ လွတ်လပ်ရေး၊ ဟံသာဝတီ၊ ဗမာ့စီးပွား၊ သံတော်ဆင့်၊ ပြည်သူ့အသံ၊ ဗမာ့ရှေ့ဆောင်၊ မန္တလေးသူရိယ၊ ဇွဲနေ့စဉ်၊ မြို့မမောင်သတင်းစာ၊ မျိုးစောင့်၊ ဒေါင်းတောင်၊ တိုင်းလုံး၊ သမာဓိ၊ ဖဆပလသတင်းစဉ်၊ ရန်ကုန်နေ့စဉ်စသော မြန်မာသတင်းစာသစ်များနှင့် ရန်ကုန် လိုက်ဘရေတာ၊ နယူးတိုင်းအော့ဘားမား၊ ကွန်မင်တေးတား၊ ဘီစီနက်မင်း၊ သည်-ဘားမင်း၊ မောနင်းစတား၊ ဗွိုက်စအော့-ဘားမားစသော အင်္ဂလိပ်ဘာသာ သတင်းစာသစ်များ ထွက်ပေါ်လာကြ လေသည်။ စစ်ပြီးစသတင်းစာစက္ကူအခက်အခဲကြောင့် တစ်နေ့လျှင် ၂ မျက်နှာ၊ ၄ မျက်နှာစီသာ ထုတ်နိုင် ကြသည်။ ၄င်းတို့အားလုံးပင် လွတ်လပ်ရေးတိုက်ပွဲဝင်များအဖြစ် အထူးမှတ်သားထိုက်ပေသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးသည့်နောက်မူကား ၄င်းသတင်းစာများအနက် အနည်းငယ်သာ ကျန်ရှိ၍ အများမှာ ပျောက်ကွယ်သွားကြလေသည်။
ဤတွင်ကား ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသည်အထိ မြန်မာသတင်းစာ သမိုင်းအကျဉ်းချုပ်ဖြစ်ပါသည်။

ဇေယျ

Wednesday, July 4, 2012

မြန်မာ့သတင်းစာသမိုင်း ၂

ဓ မ္မသတင်းစာ
 ဓမ္မသတင်းစာမှာ မြန်မာဘာသာဖြင့် ထုတ်သော သတင်းစာများတွင် (ယခုအထိ သိရှိရသမျှဆိုသော်) အစောဆုံးဖြစ်သည်။ ၁၈၄၃ ခုနှစ်၊ မော်လမြိုင်မြို့တွင် အမေရိကန်သာသနာပြုဆရာများက ကြီးကြပ်ထုတ်ဝေသည်။ တစ်လလျှင် တစ်ကြိမ်သာထုတ်ဝေသည်။ ခရစ်ယာန်သာ သနာပြု ပြန့်ပွားရေးအတွက် ရည်ရွယ်ချက်ဖြင့် ထုတ်သော်လည်း သာသနာရေးသတင်းများသာမကပဲ ကမ္ဘာအလင်း၊ မြန်မာ့သတင်းများ စံလင်အောင်ပါရှိသည်။ ၁၈၅၂ ခု၊ ပုဂံမင်းလက်ထက်၊ ဒုတိယမြန်မာ အင်္ဂလိပ်စစ်နှင့် စပ်လျဉ်းသည့် သတင်းများအတော်စုံလင်စွာ ပါရှိသည်။ မြန်မာစာရေးသားပုံမှာ ခရစ်ယာန်သာသနာပြုဆရာများ ရေးသားနည်းအတိုင်း အကွန့်အမွှမ်းမပါ၊ တိုတိုတုတ်တုတ်ပင်ဖြစ်သည်။ ဤတွင် မြန်မာနိုင်ငံ၏ အဦးအစ အနောက်နိုင်ငံသားတို့ တည်ထောင်ထုတ်ဝေကြသော သတင်းစာများအကြောင်းဖြစ်သည်။ ရှေ့တွင် မြန်မာများကိုယ်တိုင် တည်ထောင်ထုတ်ဝေသော သတင်းစာများအကြောင်းကို ဆိုပေအံ့။ 
မြန်မာသံတော်ဆင့်သတင်းစာ
 မြန်မာသံတော်ဆင့်သတင်းစာကို မည်သည့်နှစ်တွင် စတင်ထုတ်ဝေသည်ကို မသိရသဖြင့် အထက် မြန်မာနိုင်ငံ၊ မန္တလေးမြို့၊ မင်းတုန်းမင်းတရားကြီးလက်ထက် မြန်မာသက္ကရာဇ် ၁၂၃၆ ခု (၁၈၇၅) နှစ်တွင် စတင်ထုတ်ဝေသော ရတနာပုံနေပြည်တော် သတင်းစာထက် နောက်ကျသည်ဟု မှန်းဆ၍ ဆိုကြလေသည်။ ဆရာတစ်ဦးက မူကား သံတော်ဆင့်သတင်းစာကို မြန်မာသက္ကရာဇ် ၁၂၃၉ - ၄၀ (၁၈၇၈) လောက်တွင်မှစ၍ ထုတ်သည်ဟု ရတနာပုံနေပြည်တော်သတင်းစာထက် သုံးနှစ်ခန့် နောက်ကျဟန် ဆိုသည်။ ရှေးမဏိရတနာပုံကျမ်းစာသုံးတွဲကို ရန်ကုန်မြို့၊ မြန်မာသံတော်ဆင့်တိုက်က မြန်မာသက္ကရာဇ် ၁၂၃၃ ခု၊ ကဆုန်လတွင် ပုံနှိပ်ကြောင်းတွေ့ရသည်ကို ထောက်သော် သံတော်ဆင့်ပုံနှိပ် တိုက်သည် ၁၂၃၃ ခုနှစ်ကပင် ရှိနေကြောင်းသိရသည်။ ထိုမှတပါး များမကြာမီက မန္တလေးလူထုသတင်းစာတွင် ၁၂၃၅ ခု၊ တန်ခူးလဆန်း ၄ ရက် ၊ စနေနေ့ထုတ်မြန်မာသံတော်ဆင့် သတင်းစာတွင် ပါရှိသော မန္တလေးမြို့တော် မင်းတုန်းမင်းတရာကြီးထံ မဂိုသံကြီးများ တက်ရောက်ကြောင်း သတင်းကို ထုတ်နှုတ်ပြထားသည်ကို တွေ့ရသည်။ ဤအချက်ကို ထောက်သော် ၁၂၃၅ ခုနှစ်ကပင် သံတော်ဆင့်သတင်းစာရှိနေကြောင်းကို ဧကန်သိရပေသည်။ သံတော်ဆင့်သတင်းစာကို  မန္တလေး၊နေပြည်တော်မှ သံတော်ဆင့်ကြီးတစ်ဦး ရန်ကုန်သို့ လာရောက်၍ တည်ထောင်ထုတ်သည် ဟူသော စကားကို ထောက်လျှင် ၁၂၃၃ ခုနှစ်ကပင် သံတော်ဆင့်သတင်းစာ ရှိနေပြီဟု ယူဆရန် ရှိလေသည်။ မည်သို့ပင်ဖြစ်စေ သံတော်ဆင့်သတင်းစာက ရတနာပုံသတင်းစာထက်စောကြောင်း သိသာလေသည်။ လူထုသတင်းစာပါ ကောက်နှုတ်ဖော်ပြချက်ကို ကြည့်လျှင် သံတော်ဆင့် သတင်းစာအရေး အသားမှာ ရတနာပုံသတင်းစာကဲ့သို့ မဟုတ်ပဲ ယခုခေတ် သတင်းစာများ ကဲ့သို့ စကားပြေ ရိုးရိုး နှင့်ပင် ရေးသားဟန် ရှိပေသည်။ ၁၈၇၀ ကျော်မှ ၁၉၂၀ ကျော်အထိ နှစ်ပေါင်း ၅၀ ခန့် ထုတ်သွားသဖြင့် အသက်ရှည်သော မြန်မာသတင်းစာကြီးတစ်စောင် ဖြစ်လေသည်။ 
ရတနာပုံနေပြည်တော်သတင်းစာ
ပုဂံမင်းလက်ထက် ဒုတိယမြန်မာအင်္ဂလိပ် စစ်ပြီးငြိမ်းသည့်နောက် မင်းတုန်းမင်းတရားကြီးလက်ထက်တွင် မြန်မာနိုင်ငံသည် အပြင်အပ နိုင်ငံများနှင့် အဆက်အဆံများပြားလာသည်တစ်ကြောင်း၊ အင်္ဂလိပ်တို့သိမ်းပိုက်ထားသော မြန်မာနိုင်ငံအောက်ပိုင်းရှိ အင်္ဂလိပ်သြဇာခံ သတင်းစာများက မြန်မာမင်း နှင့် မြန်မာအစိုးရအကြောင်းကို မကြာမကြာ အမနာပစကား ရေးသားကြသည်ကို တန်ပြန်ချေဆိုရေးသား နိုင်ရန် လိုအပ်သည်တစ်ကြောင်း ၊ ဤသို့သော အကြောင်းများကြောင့် မင်းတုန်းမင်းတရားကြီးကိုယ်တိုင် ကမ္မကထပြု၍ ရတနာပုံနေပြည်တော်သတင်းစာကို တစ်လလေးကြိမ် ထုတ်ဝေလေသည်။ ဤသတင်းစာ မှာ မြန်မာရာဇ၀င်တွင် မြန်မာမင်းကိုယ်တိုင် ကြပ်မတ်၍ ပထမဦးဆုံးထုတ်သော မြန်မာစစ်စစ် သတင်းစာ ဖြစ်ရုံသာမကပဲ ထိုသတင်းစာထုတ်မည်ရှိသောအခါ မင်းတုန်းမင်းတရားကြီးက ငါမကောင်းငါ့ရေး၊ မိဖုရားမကောင်းမိဖုရားရေး၊ မူးမတ်မကောင်း မူးမတ်ရေး စသည်တို့ဖြင့် အချက် ၂၆ ချက် သတ်မှတ်၍ သတင်းစာလွတ်လပ်ခွင့် ရေးသားခြင်းခံရသည်မှာ မြန်မာသတင်းစာသမိုင်းတွင် အထူးမှတ်သားဖွယ်ရာ အချက်ကြီးဖြစ်ပေသည်။ ပထမအယ်ဒီတာမှာ ဘာသာ ၆ မျိုး တတ်သော နေမျိုးသီဝသိဒ္ဓိဘွဲ့ခံ တရုတ်ကပြား ဦးအဟီး ဖြစ်သည်။ ၁၂၃၇ ခုနှစ်တွင် ဘိုးဝဇီရအား အယ်ဒီတာခန့်သည်။ သတင်းစာရေးသားပုံမှာ လွတ်တော်အရေးအသားမျိုးဖြစ်၍ ခန့်ခန့်ငြားငြားနှင့် ရှင်းရှင်းဖြစ်သည်။ ဘိုးဝဇီရ၏ နဘေအစပ်များမှာ ယခုအခါ ကဗျာစာပေများတွင် အပါအ၀င်ဖြစ်နေပေသည်။ ၄င်းသတင်းစာ မှာ မင်းတုန်းသီပေါနှစ်လက်ထက်လုံး မပြတ်မလတ် ဆက်လက်ထုတ်ဝေခဲ့ရာ ၁၂၄၇ ခုနှစ် မန္တလေး နန်းပျက်မှ ရပ်တန့်သွားလေသည်။
 လောကီသုတပညာသတင်းစာ
 ထိုအတွင်း ခရစ် ၁၈၇၃ ခုနှစ်တွင် အောက်မြန်မာနိုင်ငံဗြိတိသျှအစိုးရက လောကီသုတပညာ သတင်းစာ အမည်နှင့် မြန်မာဘာသာ သတင်းစာတစ်စောင်ကို ရက်သတ္တတစ်ပတ် တစ်ကြိမ်ကျထုတ်ဝေသည်။ ၄င်းသတင်းစာကို ဗြိတိသျှအစိုးရက တိုင်းရင်းမြန်မာပညာသင်ကြားရေးကို ကူညီမှုဖြစ်စေရန်  ရည်ရွယ်ရင်း ရှိသော်လည်း တပါးဗဟုသုတ ဖြစ်ဖွယ်ရာစာများကိုလည်း ထည့်သွင်းသည်။ ရေးသားပုံမှာ မေတ္တာစာ ဆန်ဆန် လင်္ကာစကားပြေ ရောယှက်သည်။
ဟံသာဝတီနှင့်မြန်မာအဆွေ
၁၈၉၀ လောက်တွင် ရန်ကုန်မြို့ ဟံသာဝတီပုံနှိပ်တိုက်က ဟံသာဝတီသတင်းစာနှင့် ရန်ကနု ဂေဇက်တိုက်မှ မြန်မာအဆွေသတင်းစာများ ပေါ်ထွက်သည်။ နှစ်စောင်လုံးပင် ရက်သတ္တတစ်ပတ်တစ်ကြိမ် ထုတ်ဖြစ်သည်။ ဟံသာဝတီသတင်းစာကို အုပ်ချုပ်သူ မစ္စတာရစ်ပလီမှာ မင်းတုန်းမင်းတရားကြီးလက်ထက် မန္တလေးရွှေမြို့တော်ဆရာမှတ်ကြီးကျောင်းတွင် ဆုံးဆယ်မင်းသား၊ သီပေါမင်းသားတို့နှင့် ကျောင်းနေဘက်ဖြစ်၍ မြန်မာစာပေကျွမ်းကျင်သူဖြစ်သည်။ နှစ်စောင်လုံးပင် ရေးသားပုံမှာ လင်္ကာစကားပြေ ရောယှက်သည်။ ဟံသာဝတီသတင်းစာမှာ ၁၉၂၀ ပြည့် မတိုင်မီက ရပ်စဲ၍ မြန်မာအဆွေ သသတင်းစာမှာ ၁၉၂၇ ခုနှစ်နောက်တွင်မှ ရပ်စဲသွားသည်။ 
ခေတ်သစ်မြန်မာသတင်းစာများ
မြန်မာအမျိုးသားတို့သည် ပထမကမ္ဘာစစ်ကြီးအတွင်း ၁၉၁၇ ခုနှစ်လောက်တွင်မှ ၀ံသာနုနိုင်ငံရေးစိတ် ဓာတ်များ ထိထိရောက်ရောက်ထကြွပေါ်ပေါက်သော်လည်း ၄င်းအချိန်မတိုင်မီ ၁၉၀၀ လောက်ကပင် အမျိုးသားစိတ်ဓာတ်များ ပြသစပြုလေသည်။ အင်္ဂလိပ်များ မြန်မာနိုင်ငံကို သိမ်းယူစကပင် ပညာရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စသည်ဖြင့် နိုင်ငံလုပ်ငန်း အဘက်ဘက်တို့တွင် အင်္ဂလိပ်တို့နှင့်၎င်းတို့၏ အပေါင်းပါ ဥရောပတိုက်သား ကုလား၊ တရုတ် စသည်တို့က လက်ဝါးကြီးအုပ်ထားလျက် တိုင်းရင်းသား များမှာ အစစတွင် အောက်ကျနောက်ကျဖြစ်နေလေသည်။ ၁၉၀၀ လောက်သို့ ရောက်သောအခါ အိုင်အေ၊ ဘီအေ စသော အထက်တန်း အင်္ဂလိပ်စာတတ် ခေတ်သစ်လူငယ်များ ပေါများလာခြင်း အိန္ဒိယကွန်ကရက် အဖွဲ့ကြီး၏  လှုံဆော်ချက်များကို ကြားသိရခြင်း စသည်တို့ကြောင့် မြန်မာများအတွက်  အဘက်ဘက်တွင်တိုးတက်စေရမည်။ နိုင်ငံတွင်းအုပ်ချုပ်ရေးမှစ၍ နေရာတိုင်းမှာ မြန်မာများအား နေရာပေးရမည်ဟု လှုံဆော်တောင်းဆိုလာကြလေသည်။ ထိုကိစ္စအတွက် ထိုခေတ်က အင်္ဂလိပ်စာတတ် လူငယ်တစ်ဦးဖြစ်သော ဦးလှဖေက ၁၉၀၉ ခုနှစ်တွင် သည်-ဘားမင်း ခေါ် ရက်သတ္တ တစ်ပတ်တစ်ကြိမ်ထုတ် အင်္ဂလိပ်စာသတင်းစာ တစ်စောင်ကို စတင်ထုတ်ဝေလေသည်။ ထိုသတင်းစာ တည်ထောင်ရာတွင် ၀တ်လုံတော်ရ ဦးခင်၊ ဦးမေအောင်တို့လည်း ပါဝင်ကြသည်ဟုဆိုသည်။

ဆက်ရန်

မြန်မာသတင်းစာသမိုင်း

 သတင်းစာဆိုသည်မှာ တစ်ပြည်ထောင် တစ်နိုင်ငံတည်းတွင်သာ ရှိသည်မဟုတ်။ တစ်ကမ္ဘာလုံးတွင် ရှိသည်ဖြစ်သောကြောင့် မြန်မာနိုင်ငံသတင်းစာသမိုင်းကို လေ့လာရာတွင် ကမ္ဘာ့သတင်းစာသမိုင်းကိုလည်း အမြွက်မျှ ဖြစ်စေကာမူ လေ့လာသိရှိထားရန် လိုပေသည်။
ပထမသတင်းစာ
  ရှေးနှစ်ပေါင်း ၂၀၀၀ လောက်ကပင် ဥရောပတိုက်၊ ရောမဘုရင်တို့သည် ပြည်သူလူအများသိစေလိုသော အကြောင်းအရာများကို နေ့စဉ်ရေးသား၍ နန်းတော်၊ ရုံးတော် စသည်တို့တွင် ကပ်ထားလေ့ရှိကြသည်။ ၄င်းကို ရောမဘာသာဖြင့် အက်တာ-ဂျာနယ်လီယား(Acta Jiurnalia) ဟုခေါ်သည်။ သို့သော် ၄င်းမှာ နံရံကပ် ကြေညာချက်ဖြစ်သည်။ သတင်းစာမဟုတ်သေးဟု ယူဆကြသည်။ တရုတ်ပြည် ပီကင်းနန်းတော်မှ ခရစ်နှစ် ၆၀၀ ကျော်လောက်ကစ၍ ထုတ်သော ပီကင်းဂေဇက် ခေါ် တီချောင် သတင်းစာမှာမူကား မူလပိုးဖျင်ပေါ်တွင် ရေး၍ စက္ကူပေါ်တွင် တဆင့်ပုံနှိပ်ပြီးလျှင် အဝေးမြို့ရွာများသို့ ဝေငှသည့်ပြင် နန်းတွင်းသတင်းသာမဟုတ်ပဲ အဝေးမြို့ရွာသတင်းများ ပါရှိသဖြင့် သတင်းစာဖြစ်သည်ဟု ယူဆကြသည်။ ထိုသို့ သတင်းစာဖြစ်ရုံသာမက ထို ၆၀၀ နှစ်လောက်မှစ၍ ၁၉၁၁ ခု တရုတ်နန်းဆက်ပြတ်သည်အထိ နှစ်ပေါင်း ၁၂၀၀ ခန့် မပြတ်မလတ် ဆက်လက်ထုတ်ဝေခဲ့သောကြောင့် ရှေးအကျဆုံး၊ အသက်အရှည်ဆုံး သတင်းစာဖြစ်လေသည်။
  ဥရောပတိုက်တွင်မူကား ခရစ်နှစ် ၁၅၉၄ ခုနှစ်တွင်မှ ပထမသတင်းစာစ၍ ပေါ်ပေါက်လာသည်။ ၄င်းမှာ ဂျာမနီပြည်၊ ကိုလုံးမြို့၊ ၄င်းနောက် ဖရင်းဖို့မြို့မှ ထုတ်သော မာကြူရီးယားစ်- ဂဲလိုဘဲလ်ဂျီကပ်စ် (Mercurious Gallobelgicus) ဖြစ်သည်။ ထိုမှစ၍ သတင်းစာထုတ်ဝေမှုသည် အင်္ဂလန်၊ ပြင်သစ်၊ အီတလီစသော အနောက်နိုင်ငံများသို့ ပြန့်နှံ့သွားလေသည်။ ထိုမှတဖန် ကမ္ဘာလုံးသို့ ပြန့်ပွားလေသည်။ ထိုကဲ့သို့ သတင်းစာထုတ်ဝေမှုသည် တစ်ကမ္ဘာလုံးသို့ ပြန့်ပွားသွားသော်လည်း ၁၈၇၀ ခုလောက်ရောက်မှ ယခုကဲ့သို့သော လူထုသုံးသတင်းစာအဖြစ်သို့ ရောက်ရှိလေသည်။ အင်္ဂလန်ပြည်တွင် ၁၆၀၀ ခုကျော်လောက်ကပင် သတင်းစာများ ထွက်ပေါ်နေသော်လည်း ပြည်သူလူအများ စာမတတ်သေးသည်က တစ်ကြောင်း၊ အစိုးရက သတင်းစာများအပေါ်တွင် တံဆိပ်တော်ခွန် ကြီးလေးစွာ ကောက်ခံသည်က တစ်ကြောင်း၊ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ကို ရသင့်သလောက် မရသေးသည်က တစ်ကြောင်း ကြောင့် သတင်းစာသည် လူထုလက်သို့ မရောက်သေးပဲ အထက်တန်းစားလူတစ်စုသာ ဖတ်ရူခွင့်ရလေသည်။ ၁၈၇၀ ပြည့်နှစ် နိုင်ငံပညာရေးကို အစိုးရက တာဝန်ခံသဖြင့် စာတတ်သူများ တိုးတက်ပေါများလာမှ သတင်းစာသည် လူထုသုံး ဖြစ်လာလေသည်။
  ပထမမြန်မာသတင်းစာ
 အနောက်နိုင်ငံသားများသည် ရောက်လေရာအရပ်သို့ မိမိတို့ ဓလေ့ထုံးစံ အသုံးအဆောင်များကို ယူဆောင်လာတတ်သည်နှင့် အညီ အင်္ဂလိပ်တို့ မြန်မာနိုင်ငံသို့ ၀င်ရောက်လာသောအခါ ၄င်းတို့၏ အသုံးအဆောင်တစ်ရပ်ဖြစ်သော သတင်းစာထုတ်ဝေမှုလုပ်ငန်းကိုလည်း ယူလာကြလေသည်။ မြန်မာနိုင်ငံတွင် ထုတ်ဝေသော သတင်းများအနက်အစောဆုံးအမှတ်အသား တွေ့ရသော သတင်းစာမှာ ၁၈၇၃ ခု ၊ မော်လမြိုင်မြို့တွင် တနင်္သာရီမဟာမင်းကြီး ဘလန်ဒယ်ကြီးကြပ်ထုတ်ဝေသော အင်္ဂလိပ်ဘာသာ သတင်းစာတစ်စောင်ဖြစ်သည်။ ထိုသတင်းစာအောင်မြင်၍ မြန်မာဘာသာဖြင့် စာစောင်တစ်စောင်ထုတ်ဝေသည်။ အယ်ဒီတာမှာ ၁၈၁၆ ခုနှစ်က မြန်မာနိုင်ငံသို့ ရောက်လာ၍ ဆရာယုဒသာန်နှင့် လုပ်ဖော်ကိုင်ဘက်ဖြစ်သော အမေရိကန်သာသနာပြုဆရာ မစ္စတာဟောက်ဖြစ်သည်။ 
ထို့နောက် အထက်ပါ မစ္စတာဘလန်ဒယ်၏ သတင်းစာနှင့်ပြိုင်တူလောက်ဖြစ်သော မော်လမင်း - ကရော်နီကယ် ခေါ် အင်္ဂလိပ်ဘာသာ သတင်းစာထွက်ပေါ်လာသည်။ ထိုသတင်းစာ၏ အယ်ဒီတာမှာ မစ္စတာ ဂျော့ဟောက်ဖြစ်သည်။ အစိုးရကို ဝေဖန်ရေးသားမှုဖြင့် ထောင်ဒဏ်တစ်လ ခံရသည်။ ၁၈၅၂ ခု ဘကြီးတော်လက်ထက် ဒုတိယမြန်မာ စစ်ပြီးသည့်နောက် အင်္ဂလိပ်တို့က မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းယူပြီးသောအခါ ထိုသတင်းစာသည် ရန်ကုန်မြို့သို့ ပြောင်းရွှေ့၍ ရန်ကုန် - ကရော်နီကယ် အမည်ဖြင့် ဆက်လက်ထုတ်ဝေသည်ဟု ဆိုသည်။ ထို့နောက်မူကား  ရန်ကုန်မြို့တွင်သတင်းစာ အများအပြား ပေါ်ပေါက်လာသည်။ ၁၈၅၆ ခုနှစ်တွင် မစ္စတာတောမစ်- ဂေါ့ဖရီးဆိုသူ ရှေ့နေတစ်ဦးက ရန်ကုန်တိုင်း သတင်းစာကို တည်ထောင်သည်။ ၁၈၅၈ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ကုန်သည်တစ်စုက ရန်ကုန်တိုင်း ကို ပြိုင်၍ ရန်ကုန် ဂေဇက်သတင်းစာ ကို တည်ထောင်သည်။ ၁၈၇၈ ခုနှစ် တွင် ရန်ကုန် ဒေးလီမေး နှင့် ၁၈၇၉ ခုနှစ်တွင် မစ္စတာ မင်နယူရယ်က ဒေးလီ-ရီဖြူး သတင်းစာကို တည်ထောင် လေသည်။ သို့သော် ထိုသတင်းစာများသည် ခေတ္တသာခံ၍ ပျောက်သွားကြလေသည်။ ရန်ကုန်တိုင်းနှင့် ရန်ကုန်ဂေဇက် တို့မှာကား ၁၉၅၄ ခု၊ ရန်ကုန်မြို့သို့ ဂျပန်ဝင်မှ ရပ်စဲသွားကြသည်။ ရန်ကုန် ဂေဇက် မှာ အစိုးရအာဘော်ဖြစ်၍ ရန်ကုန်တိုင်းမူကား လွတ်လွတ်လပ်လပ်ရေးသည်။
ဆက်ရန်

Tuesday, July 3, 2012

စံပယ်

မပြယ်ခင်တော့.. အကျွန်ဟာ. အစဉ်ဖွေးဖြူမွှေးကြူပေါ့။...
မစိုးရိမ်ပါနှင့်. နောက်ထပ်ပွင့်ရန်. အဖူးအချပ်တွေကအသင့်။
သူမက. ကေသာထက်မှာ.. တစ်ပွင့်သာပန်လိုပါသတဲ့.
သူကတော့. ဒီအလှ .စံပြရပါသတဲ့။
ပုလဲလေလား. ကြယ်လေလားရယ်လို့
ဘ၀ကူးပြောင်း အသွင်လောင်းသလော မေးသူကမေး။
ထက်အာကာနှင့် ရေဇလာက အလှမ်းကွာတွေလိုမဟုတ်။
သည်မြေမှသည်ပန်း. လက်လှမ်းယူနိုင်စွ။
အကျွန်လုပ်ဆောင်ရန်မှာ တစ်ခုသာပါလေ
သင့်ဦးခေါင်းနှင့် နှလုံးသားတို့
အေးစေ..မွှေးစေ..ချမ်းမြေ့စေဖို့။
စက်လရာသီ. သြော်.. မည်သို့ရှိရှိ.. ရှိပါစေ.
ပန်းတို့မည်သည်.. ဘယ်အခါမှ.. မတုန်လှုပ်ဘိ။

Monday, July 2, 2012

ကိုယ်ပိုင်ပီစီတစ်လုံးတပ်ဆင်ခြင်း

ထင်တဲ့အတိုင်းပဲ မထင်တာတွေ ကြုံရပြီ
စာရွက်စာတမ်းတွေ၊ ဖိုင်တွဲတွေ၊ မက်ဆေ့ခ်ျတွေနဲ့
ရှုပ်ယှက်ခတ်လာတယ်။ အကျိုးလည်း မလိုခဲ့သူ၊
ညောင်ရေလည်း မလောင်းခဲ့သူ၊ ယုန်မြင့်ပေမယ့်လည်း
ခြုံမထွင်ခဲ့သူ၊ အမှန်က
ချော်လဲခဲ့ရာ ဘ၀တစ်ခုမှာ ရောထိုင်ခဲ့သူ၊ ဆိုတော့။
အခုမှ ပီစီလေးတစ်လုံး လက်ဝယ်ပိုင်ဆိုင်လာသူဆိုတော့
ဆော့ဖ်ဝဲလ်တွေ Update လုပ်ရန်တွေ Virus တွေ
ဘာတွေမှန်းမသိ၊ စက်လေးလံစရာတွေ အများသား။
သိုလှောင်ရန်တွေ ရှင်းလင်းရန်တွေ Back up လုပ်ရန်တွေ
ရန်သူမျိုးငါးပါးတွေ။ အဲဒါက
ခေတ်မမီတော့ဘူးတဲ့
ဟုတ်ကဲ့၊ နောက်ဆုံးပေါ်က ဒီမှာတဲ့
ဟော မဟုတ်တော့ပြန်ဘူးတဲ့၊ ဟုတ်ကဲ့
ဟုတ်ကဲ့၊ ခေတ်ကြီးကို တစ်ခွန်းမကျန်ပြန်ပြောမိတာက
ဟုတ်ကဲ့
ဟုတ်ကဲ့
ဟုတ်ကဲ့ပါခင်ဗျာ
place အသစ်တစ်ခုထဲ ခြေတစ်လှမ်းကျွံမိလိုက မီးခိုးမဆုံး
မိုးမဆုံး၊ မီးခိုးကြွက်လျှောက်၊ ကျားကြီးခြေရာကြီးနဲ့ ပွဲမ၀င်ခင်
အပြင်က ကျင်းပရန်လိုအပ်၊ တစ်ခါသေဖူးမှ ပျဉ်ဖိုးနားလည်။
အခုလို
ဖြစ်လာတာ ကြိုးစားခဲ့လို့လားဆိုတော့ ဟုတ်ကဲ့။ အခုလို ကြုံရတာ
ဝီရိယနည်းလို့လား ဆိုတော့လည်း ဟုတ်ကဲ့ပဲပေါ့။ အားနည်းချက်/ အားသာချက်တွေဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ အရ ဖြစ်နေတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒါ ကျွန်တော်ဖြစ်စဉ်ဖြစ်ပါတယ် နားလည်ခွင့်လွတ်ကြပါကုန်။ ကဗျာတစ်ခုတည်း က၀ိပစ္စည်းမှတ်ခဲ့ပါတယ်။ အိုင်တီလောကလည်း ထိုအတူ၊ ဆေးလောကလည်း ၄င်း၊ လည်းကောင်းနည်းတူ နယ်ပယ်အသီးသီးမှာလည်းပဲပေါ့ ပြည်သူအတွက်ရော၊ ရိုမန်တစ်ရော၊ လစ်ရစ်ရော၊ ဆွန်းနက်ရော၊
အသစ်ပြုလုပ်ကြ
ရော၊ ကြေညာစာတမ်းရော၊ ဒီကွန်စထရပ်ရော ဘာအတွက်မှ မဟုတ်ရော >ဥပမာ- ကျွန်တော့အတွေ့အကြုံအရ ပြောရရင် အရေးပေါ်အခြေအနေမှာ
အိတ်ကလေးစွပ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ရှူခိုင်းရမယ်
-Heat ကျအောင်ဆိုပြီး ရေခဲသုံးပြီး ရေပတ်တိုက်ကြတာ ရှိတယ်၊ ဒါ
မမှန်တော့ဘူး။ Heat က နှစ်ဆတိုးနဲ့ ပြန်တက်လာနိုင်တယ် နောက်တစ်ခုက
လူနာဟာ ဘယ်ကလာသလဲ History ကိုကြည့်ရမယ်
နိုဗယ်ဆုရှင်များရဲ့ တွေ့ရှိချက်၊ မြန်မာ့နည်းမြန်မာ့ဟန်၊ တိုင်းရင်းဆေး၊
Hybrid နည်းနဲ့ရော၊ သီအိုရီသမားများနဲ့ ဖီလင်သမားရော၊ ခေတ်ပြိုင်အနေအထားရော၊
ကဗျာလောကနဲ့ အပြိုင် စကြ၀ဠာတွေ၊ ကဗျာမျက်နှာတစ်ခုတည်း ကြည့်၊
ကဗျာကို တစ်ရွာထင်ပြီး
နေထိုင်ခဲ့သမျှတွေ
ကဗျာမျက်စိနဲ့ကြည့်ရုံနဲ့ မမြင်နိုင်တဲ့ လောကတွေဟာ
ကျွန်တော်တို့နဲ့ တစ်ပြိုင်တည်း တည်ရှိနေလေတော့
ကဗျာနဲ့ ကဗျာရေးသူရဲ့နေရာဟာ စဉ်းစားဖွယ် ကောင်းလာပါတယ်။
Activation>
ဝယ်ပြီးအသုံးပြုခံစား ဇိမ်ခံပစ္စည်းထက်တော့ ပိုလိမ့်မယ်
Error>
Error>ကို အမှားမှန်း မသိတာ
Warning!
ဝယ်ယူပြီးကွန်ပျူတာ/ ကဗျာ/ဘ၀/ ပြန်မလဲပေးပါ
Save before closing?
Yes, No, Save
မောင်ယုပိုင်

Sunday, July 1, 2012

စတင်ခြင်း

ပင်လယ်ပြင်ထဲရှိ ကျောက်တောင်ကြီး၏ အပြင်ဘက်သို့ ထိုးထွက်နေသော ကျောက်စွန်းထက်ပေါ်တွင် စင်ရော်လေးမှာ တစ်ကောင် တည်း ရှိနေသည်။ ယမန်နေ့ကပင် သူ့အစ်ကို စင်ရော်နှစ်ကောင်နှင့် ညီမလေးတို့ သည်နေရာက ပျံသန်းထွက်ခွားသွားခဲ့ကြပြီ။ သူတို့နှင့် အတူ လိုက်ပြီး မပျံရဲခဲ့သဖြင့် သူ့မှာတစ်ကောင်တည်း ကျန်နေရစ်ခဲ့ရခြင်းဖြစ်သည်။ ကျောက်စွန်းထိပ်ဆီသို့ ပြေးလာပြီး အတောင်ခတ် ပျံသန်း လိုက်မည်ဟု အားတင်းကြိုးစားကြည့်သော်လည်း ကြောက်စိတ်ဝင်လာသဖြင့် မပျံသန်းဖြစ်တော့။ သူ့အောက်ဘက်မှာတော့ မိုင်ပေါင်းများစွာအပြောကျယ်လှသည့် ပင်လယ်ကြီး၊ သူ့တောင်ပံတွေက သူ့ကိုလွတ်အောင်ပင့်တင်ပေးနိုင်လိမ့်မည်မထင်။ ထို့ကြောင့် ခေါင်းစိုက်ချပြီး သူ့အိပ်နေကျ ကျောက်စွန်း ထဲမှ ကျောက်လှိုဏ်ကလေးအတွင်းသို့ ပြန်ပြေးလာခဲ့သည်။ တကယ်တမ်းမှာတော့ သူ့တောင်ပံတွေက သူ့အစ်ကို၊ သူ့ညီမတို့၏ အတောင်ပံများထက်ပို၍ ရှည်လျားသည်။ တောင်ပံပိုတိုသော သူတို့ တစ်တွေက သည်နေရာ ကျောက်စွန်းထက်ဆီမှ ပျံသန်းထွက်ခွာသွားကြပြီ။ သူသာ သတ္တိမရှိ၍ ကျန်နေရစ်ခဲ့ရခြင်းဖြစ်သည်။ သူ့အဖေနှင့်အမေက သူတို့ဆီကို ပျံသန်းလာဖို့ တကြော်ကြော် အော်ခေါ်သည်။ ပျံသန်းမလာလျှင် အစာအငတ်ထားမည်ဟု ခြိမ်း ခြောက်သည်။ သို့သော်လည်း သူက တုတ်တုတ်မျှမလှုပ်၊ ငုတ်တုတ်။ ထိုအဖြစ်အပျက်မှာ ယမန်နေ့က ဖြစ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ သူ့အနားသို့ မည်သူမျှ လာမကပ်ကြတော့။ သူ့အဖေနှင့် အမေ၊ အစ်ကိုနှစ်ကောင်၊ ညီမလေးတို့နှင့် အတူလေထဲမှာ ပျံသန်းရင်း ပင်လယ်လှိုင်းလုံးများစီးလိုက်၊ ငါးဖမ်းသုတ်လိုက်နှင့် ပညာသင်ပေး နေသည်ကို သူတစ်နေ့လုံး ထိုင်ကြည့်နေမိသည်။ သူ့အစ်ကိုစင်ရော် ငါးတစ်ကောင် ပထမဆုံး ဖမ်းမိသွားသည်။ ဖမ်းမိသော ငါးကို ကျောက် ဆောင်ပေါ်သို့ ချပြီး အငမ်းမရ ထိုးဆိတ်စားသည်။ သူ့အဖေနှင့်အမေက ဂုဏ်ယူဝမ်းသာသည့် အသံများဖြင့် အော်ဟစ်ပြီး ကျောက်ဆောင်အနီးတွင် လှည့်ပတ်ပျံဝဲနေကြသည်။ ထိုနေ့ တစ်နံနက်ခင်းလုံး သူ့မိသားစုသည် သူနှင့် မျက်နှာချင်းဆိုင်ရှိ ချောက်ကမ်း ပါးအပေါ်က ကုန်းမြင့်ထိပ်တွင် အခါခါ အခေါက်ခေါက် လျှောက်ပြီး သူရဲဘော်ကြောင် သတ္တိနည်းသည့် သူ့ကို ကဲ့ရဲ့ စကားတင်းဆိုနေကြ သည်။ နေက မြင့်တက်လာသည်။ ကျောက်စွန်းထက်တွင် အပူချိန်တစ်ရှိန်ရှိန် တောက်လောင်ကာ ပူပြင်းလာသည်။ မနေ့ညကတည်းက ဘာမျှ မစားမသောက်ခဲ့ရသဖြင့် သူ့ရင်ထဲတွင် ဗလောင်ဆူဝေနေသည်။ ကျောက်စွန်း၏ နောက်ဘက်မှ လိမ်ခြောက်နေသည့် ငါးကွင်းရှပ်တစ်ကောင်၏ အမြီးပိုင်းကလေးမှ တစ်ပါး တခြားစားကြွင်းစားကျန် အစအနကလေးတစ်ခုတလေမျှ မတွေ့ရ။ သူတို့မောင်နှမ တစ်တွေ မွေးဖွားအကောင်ပေါက်ခဲ့သည့် အသိုက်ဆီသို့ သွားပြီး စားစရာကို ဖြဲယက်ရှာသည်။ မတွေ့ ။ သူတို့၏ ဥခွံခြောက်ကိုသာ တွေ့၍ တကျွပ်ကျွပ်ကောက်ဝါးလိုက်မိသည်။ ဥခွံခြောက်တွေကို ပြန်စားရင်း မိမိကိုယ်မိမိ ပြန်းထိုးဖဲ့ဆိတ်စား နေသည့်အလား ခံစားရပြန်သည်။ ထို့နောက် ကျောက်စွန်းဆီသို့ သွားလိုက်၊ ပြန်လာလိုက်နှင့် ခေါက်တုံ့ခေါက်ပြန် လမ်းသလားနေမိတော့သည်။ သူ့အဖေနှင့် အမေ ဆီသို့ မပျံသန်းဘဲနှင့် ဘယ်နည်းနှင့်ရောက်နိုင်မည်နည်းဟု အကြံထုတ်နေခြင်း ဖြစ်သည်။ သို့သော်လည်း သူ့ဘေးတစ်ဘက် တစ်ချက် တွင် ကျောက်စွန်း။ ဟိုဘက်မှာက ချောက်ကမ်းပါး ကြားမှာတော့ ပင်လယ်ကြီး ......။ စင်ရော်ကလေးသည် ကျောက်စွန်းထိပ်ဆီသို့ ခပ်အေးအေး လျှောက်လာသည်။ ခြေတစ်ချောင်းကို အတောင်အောက်တွင် ၀ှက်ကာ ကျန်ခြေတစ်ချောင်းတည်းနှင့် မတ်တပ်ရပ်နေသည်။ မျက်စိတစ်ဖက်ကိုမှိတ်သည်။ နောက်တစ်ဖတ်ကို ထပ်မှိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ သူတို့တွေကတော့ သူ့ကို သတိမထားမိကြ။ သူ့အစ်ကို နှစ်ကောင်နှင့် ညီမလေးတို့သည် ချောက်ကမ်းပါးထက်တွင် ငိုက်မြည်းနေကြလျက်။ သူ့အဖေက သူ့ကျောကုန်းပေါ်မှ အမွှေးအတောင်များကို သယ နေလျက်။ အမေ ကတော့ သူ့ကို ကြည့်နေသည်။ ချောက်ကမ်းပါးပေါ်က ကုန်းကမူကလေးထက်တွင် မတ်တပ်ရပ်ကာ ငါးတစ်ကောင်ကို ခြေနှင့်နင်းပြီး ထိုးဆိတ်သည်။ နှုတ်သီးကို ကျောက်ဆောင်ပေါ်တွင် ဘယ်ညာသွေး၍ နေသည်။ အစာကို မြင်ရတော့ သူ့မှာ ရူးမတတ် ဖြစ်ရသည်။ ငါးကို နှုတ်သီးနှင့် ထိုးဆိတ်စားချင်စိတ် အငမ်းမရ ဖြစ်လာသည်။ အသံတိုးတိုး သူအော်ပြောလိုက်သည်။ သူ့အမေကလည်း သူ့ကို ငုံ့ကြည့်ပြီး သူ့လိုပင် အသံတိုးတိုးနှင့် ပြန်အော်သည်။
ဂါ - ဂါ - ဂါ -
သူ့ဆီအစာလာပို့ပါဟု တောင်းပန်သည့်အလား အော်ပြောသည်။ အမေက သူ့ကို သရော်တော်တော်ပြန်အော်သည်။ သူက ထပ်တလဲလဲအော်သည်။ သူ့အော်သံက ပျော်သံရွှင်သံ ပါလာသည်။သူ့အမေက ငါးအပိုင်းအစ တစ်ဖဲ့ကို ကောက်ချီကာ သူ့ဆီ ပျံသန်းလာသည်။ သူ့အမေနှင့် နီးသွားအောင် သူ့ကိုယ်ကို ရှေ့ဘက်သို့ ကိုင်းလိုက်သည်။ သူ့ခြေထောက်တွေ ကျောက်ဆောင်နှင့် ရိုက်မိသွားသည်။ သူ့အမေသည် သူနှင့် မလှမ်းမကမ်းကျောက်စွန်းနား နီးနီးအထိ ရောက်သောအခါ ဆက်မပျံဘဲ တန်းနေလိုက်သည်။ အမေ့နှုတ်သီးထိပ်က ငါးသည် သူ့နှုတ်ခမ်းနှင့် မီလုမီခင် အနေအထားသို့ ရောက်နေပေပြီ။ သူ့အမေ ဘာကြောင့် ရှေ့ဆက်တိုးမလာပါလိမ့်ဟု သူတစ်အောင့်တွေးနေလိုက်မိသေးသည်။ အစာ စားချင်စိတ်ရူးမတတ် ခံစားရသည်။ ငါးကို သူလှမ်းထိုးသုတ်လိုက်သည်။ ငယ်သံပါအောင် အော်လိုက်သည့်အသံနှင့် အတူ ဟင်းလင်းပြင်ကြီးထဲသို့ သူလွှင့်စင်ထိုးကျသွားတော့သည်။ သူ့အမေက အထက်သို့ ပျံတက်သွားသည်။ သူအကြီးအကျယ်ကြောက်လန့် တုန်လှုပ်သွားသည်။ နှလုံးသွေးရပ်တန့်သွားလေသလားဟုပင် မှတ်ရသည်။ သူ ဘာသံမှ မကြားရတော့ ခဏကြာတော့ သူ့တောင်ပံတွေဖြန့်ထွက်လာသည်။ လေက သူ့ရင်ဘတ်မွှေးများဆီသို့ တိုးဝင်တိုက်ခတ်လာသည်။ နောက် သူ့ရင်ဘတ်နှင့် သူ့တောင်ပံများဆီသို့။ သူ့အတောင်တွေက လေကို ခွဲပြီး ပျံသန်းနေကြသည်ဟု သူခံစားရသည်။ ယခုတော့ သူဇောက်ထိုးမိုးမျှော်လည်းမကျတော့ ။ တစ်ဖြည်းဖြည်း အောက်သို့ဝဲပျံ၍ နေသည်။ ကြောက်စိတ်တွေလည်း မရှိတော့။ ခေါင်းအနည်းငယ် မူးဝေသလိုလိုတော့ ခံစားရသည်။ တောင်ပံကို တစ်ကြိမ်ခတ်လိုက်သောအခါ အမြင့်သို့ ပျံတက်သွားသည်။ သူတအားပျော်ပြီး အော်ဟစ်လိုက်မိသည်။ တောင်ပံကို ထပ်ခတ်လိုက်ပြန်ရာ အမြင့်သို့ ထပ်တက်သွားပြန်သည်။ မြင့်သည်ထက် ပို၍ မြင့်တက်သွားတော့သည်။ သူရင်ကိုကော့ကာ လေကိုဆန်၍
ဂါ.. ဂါး.. ၊ ဂါ.. ဂါး.. ဂါး
ဟု အားပါးတရ အော်ဟစ်နေမိတော့သည်။သူ့အမေက တောင်ပံ ခပ်ပြင်းပြင်းခတ်ကာ သူ့အနားက ဖြတ်၍ ထိုးဆင်းပျံသန်းသွားသည်။ သူ့အစ်ကို နှစ်ကောင်နှင့် သူ့ညီမတို့လည်း သူ့နံဘေးတွင် ပျံဝဲနေကြသည်ကို တွေ့ရသည်။ လေထဲတွင် နိမ့်လိုက် မြင့်လိုက် ၊ စောင်းလိုက် ရွေ့လိုက်...။ ယခုမူတော့ မပျံသန်းနိုင်ဟု အထင်ရောက်ခဲ့သည့် အတွေးများကို သူလုံးလုံးမေ့လျော့သွားခဲ့ပေပြီ။ ကျယ်လောင်စွာ ဟစ်ကြွေးပြီးလေထဲတွင် အမျိုးမျိုး အဖုံဖုံ ပျံသန်းကြည့်ရူဖို့သာ သူ့စိတ်မနောတွင် ရှိနေပေတော့သည်။ ပင်လယ်ပြင်ကြီးဆီ တူရူ မျက်နှာမူ၍ ပျံသန်းရင်း ပင်လယ်ကြီးနှင့် သူထိတွေ့လာခဲ့ပြီ။ သူ့အောက်တွင် အပြောကျယ်လှသည့် စိမ်းစိမ်းလဲ့လဲ့ ပယ်လယ်ပြင်ကြီး။ လှိုင်းတွေက အလိပ်လိုက် ရွေ့လျားပြေးလွှားနေကြလျက်။ ခေါင်းကို တစ်ချက်စောင်းကာ အားပါးတရ အော်ဟစ်လိုက်သည်။ သူ့အဖေ၊ အမေ၊ သူ့အစ်ကိုနှင့် ညီမလေးတို့သည် သူ့ရှေ့ရှိ ပင်လယ်ပြင် စိမ်းလဲ့လဲ့ပေါ်တွင် ဆင်းသက်နေကြချေပြီ။ သူတို့က သူ့ကိုအော်ရင်း ခေါင်းညိတ်ခေါ်သည်။ သူ့ခြေထောက်အစုံကို ပင်လယ်ပြင်ကြီးပေါ်သို့ ချလိုက်သည်။ ခြေထောက်တွေ ရေထဲနှစ်မြုပ်သွားကြသည်။ သူလန့်ဖျတ်ပြီးတအားအော်ဟစ်လိုက်သည်။ တောင်ပံခတ်ပြီး ပျံတက်မည်ပြင်လိုက်သည်။ သို့သော်လည်း သူမောပန်းနေချေပြီ။ လေထဲတွင် အမျိုးမျိုးပျံသန်းနေခဲ့သဖြင့် အပေါ်သို့ ပျံမတတ်နိုင်တော့။ သူ့ခြေထောက်အစုံ ပင်လယ်ပြင်ကြီးထဲသို့ နစ်ဝင်သွားသည်။ ရင်ခေါင်းအထိ ရေမြုပ်ဝင်သွားသည်။ သူရေပေါ်တွင် ပေါ်လောပေါ်လောဖြစ်နေသည်။ သူ့အနီးပတ်ပတ်လည်တွင် သူ့မိသားစု။ သူ့ကို ၀ိုင်းဝန်းအော်ဟစ်ချီးကျူးနေကြလျက်။ သူတို့တတွေ၏ နှုတ်သီးများတွင် သူ့အတွက် အစာတွေ၊ ငါးအပိုင်းအစတွေ ကိုက်ချီထားကြလျက်။ စတင်ပျံသန်းရမည့်အရေးကို အကြောက်ကြီးကြောက်ရွံ့ခဲ့သည့် စင်ရော်ကလေးမှာ ယခုတော့လည်း သူ၏ ပထမဆုံးပျံသန်းမှုကို ပြီးဆုံးအောင် လုပ်ကိုင် ဆောင်ရွက်ခဲ့ပါပြီတည်း။
Liam O'Fla-herty ၏ His First Flight Story ကို လင်းဝေမြိုင်မှ ဘာသာပြန်ဆိုပါသည်။