ဓ မ္မသတင်းစာ
ဓမ္မသတင်းစာမှာ မြန်မာဘာသာဖြင့် ထုတ်သော သတင်းစာများတွင် (ယခုအထိ သိရှိရသမျှဆိုသော်) အစောဆုံးဖြစ်သည်။ ၁၈၄၃ ခုနှစ်၊ မော်လမြိုင်မြို့တွင် အမေရိကန်သာသနာပြုဆရာများက ကြီးကြပ်ထုတ်ဝေသည်။ တစ်လလျှင် တစ်ကြိမ်သာထုတ်ဝေသည်။ ခရစ်ယာန်သာ သနာပြု ပြန့်ပွားရေးအတွက် ရည်ရွယ်ချက်ဖြင့် ထုတ်သော်လည်း သာသနာရေးသတင်းများသာမကပဲ ကမ္ဘာအလင်း၊ မြန်မာ့သတင်းများ စံလင်အောင်ပါရှိသည်။ ၁၈၅၂ ခု၊ ပုဂံမင်းလက်ထက်၊ ဒုတိယမြန်မာ အင်္ဂလိပ်စစ်နှင့် စပ်လျဉ်းသည့် သတင်းများအတော်စုံလင်စွာ ပါရှိသည်။ မြန်မာစာရေးသားပုံမှာ ခရစ်ယာန်သာသနာပြုဆရာများ ရေးသားနည်းအတိုင်း အကွန့်အမွှမ်းမပါ၊ တိုတိုတုတ်တုတ်ပင်ဖြစ်သည်။ ဤတွင် မြန်မာနိုင်ငံ၏ အဦးအစ အနောက်နိုင်ငံသားတို့ တည်ထောင်ထုတ်ဝေကြသော သတင်းစာများအကြောင်းဖြစ်သည်။ ရှေ့တွင် မြန်မာများကိုယ်တိုင် တည်ထောင်ထုတ်ဝေသော သတင်းစာများအကြောင်းကို ဆိုပေအံ့။
မြန်မာသံတော်ဆင့်သတင်းစာ
မြန်မာသံတော်ဆင့်သတင်းစာကို မည်သည့်နှစ်တွင် စတင်ထုတ်ဝေသည်ကို မသိရသဖြင့် အထက် မြန်မာနိုင်ငံ၊ မန္တလေးမြို့၊ မင်းတုန်းမင်းတရားကြီးလက်ထက် မြန်မာသက္ကရာဇ် ၁၂၃၆ ခု (၁၈၇၅) နှစ်တွင် စတင်ထုတ်ဝေသော ရတနာပုံနေပြည်တော် သတင်းစာထက် နောက်ကျသည်ဟု မှန်းဆ၍ ဆိုကြလေသည်။ ဆရာတစ်ဦးက မူကား သံတော်ဆင့်သတင်းစာကို မြန်မာသက္ကရာဇ် ၁၂၃၉ - ၄၀ (၁၈၇၈) လောက်တွင်မှစ၍ ထုတ်သည်ဟု ရတနာပုံနေပြည်တော်သတင်းစာထက် သုံးနှစ်ခန့် နောက်ကျဟန် ဆိုသည်။ ရှေးမဏိရတနာပုံကျမ်းစာသုံးတွဲကို ရန်ကုန်မြို့၊ မြန်မာသံတော်ဆင့်တိုက်က မြန်မာသက္ကရာဇ် ၁၂၃၃ ခု၊ ကဆုန်လတွင် ပုံနှိပ်ကြောင်းတွေ့ရသည်ကို ထောက်သော် သံတော်ဆင့်ပုံနှိပ် တိုက်သည် ၁၂၃၃ ခုနှစ်ကပင် ရှိနေကြောင်းသိရသည်။ ထိုမှတပါး များမကြာမီက မန္တလေးလူထုသတင်းစာတွင် ၁၂၃၅ ခု၊ တန်ခူးလဆန်း ၄ ရက် ၊ စနေနေ့ထုတ်မြန်မာသံတော်ဆင့် သတင်းစာတွင် ပါရှိသော မန္တလေးမြို့တော် မင်းတုန်းမင်းတရာကြီးထံ မဂိုသံကြီးများ တက်ရောက်ကြောင်း သတင်းကို ထုတ်နှုတ်ပြထားသည်ကို တွေ့ရသည်။ ဤအချက်ကို ထောက်သော် ၁၂၃၅ ခုနှစ်ကပင် သံတော်ဆင့်သတင်းစာရှိနေကြောင်းကို ဧကန်သိရပေသည်။ သံတော်ဆင့်သတင်းစာကို မန္တလေး၊နေပြည်တော်မှ သံတော်ဆင့်ကြီးတစ်ဦး ရန်ကုန်သို့ လာရောက်၍ တည်ထောင်ထုတ်သည် ဟူသော စကားကို ထောက်လျှင် ၁၂၃၃ ခုနှစ်ကပင် သံတော်ဆင့်သတင်းစာ ရှိနေပြီဟု ယူဆရန် ရှိလေသည်။ မည်သို့ပင်ဖြစ်စေ သံတော်ဆင့်သတင်းစာက ရတနာပုံသတင်းစာထက်စောကြောင်း သိသာလေသည်။ လူထုသတင်းစာပါ ကောက်နှုတ်ဖော်ပြချက်ကို ကြည့်လျှင် သံတော်ဆင့် သတင်းစာအရေး အသားမှာ ရတနာပုံသတင်းစာကဲ့သို့ မဟုတ်ပဲ ယခုခေတ် သတင်းစာများ ကဲ့သို့ စကားပြေ ရိုးရိုး နှင့်ပင် ရေးသားဟန် ရှိပေသည်။ ၁၈၇၀ ကျော်မှ ၁၉၂၀ ကျော်အထိ နှစ်ပေါင်း ၅၀ ခန့် ထုတ်သွားသဖြင့် အသက်ရှည်သော မြန်မာသတင်းစာကြီးတစ်စောင် ဖြစ်လေသည်။
ရတနာပုံနေပြည်တော်သတင်းစာ
ပုဂံမင်းလက်ထက် ဒုတိယမြန်မာအင်္ဂလိပ် စစ်ပြီးငြိမ်းသည့်နောက် မင်းတုန်းမင်းတရားကြီးလက်ထက်တွင် မြန်မာနိုင်ငံသည် အပြင်အပ နိုင်ငံများနှင့် အဆက်အဆံများပြားလာသည်တစ်ကြောင်း၊ အင်္ဂလိပ်တို့သိမ်းပိုက်ထားသော မြန်မာနိုင်ငံအောက်ပိုင်းရှိ အင်္ဂလိပ်သြဇာခံ သတင်းစာများက မြန်မာမင်း နှင့် မြန်မာအစိုးရအကြောင်းကို မကြာမကြာ အမနာပစကား ရေးသားကြသည်ကို တန်ပြန်ချေဆိုရေးသား နိုင်ရန် လိုအပ်သည်တစ်ကြောင်း ၊ ဤသို့သော အကြောင်းများကြောင့် မင်းတုန်းမင်းတရားကြီးကိုယ်တိုင် ကမ္မကထပြု၍ ရတနာပုံနေပြည်တော်သတင်းစာကို တစ်လလေးကြိမ် ထုတ်ဝေလေသည်။ ဤသတင်းစာ မှာ မြန်မာရာဇ၀င်တွင် မြန်မာမင်းကိုယ်တိုင် ကြပ်မတ်၍ ပထမဦးဆုံးထုတ်သော မြန်မာစစ်စစ် သတင်းစာ ဖြစ်ရုံသာမကပဲ ထိုသတင်းစာထုတ်မည်ရှိသောအခါ မင်းတုန်းမင်းတရားကြီးက ငါမကောင်းငါ့ရေး၊ မိဖုရားမကောင်းမိဖုရားရေး၊ မူးမတ်မကောင်း မူးမတ်ရေး စသည်တို့ဖြင့် အချက် ၂၆ ချက် သတ်မှတ်၍ သတင်းစာလွတ်လပ်ခွင့် ရေးသားခြင်းခံရသည်မှာ မြန်မာသတင်းစာသမိုင်းတွင် အထူးမှတ်သားဖွယ်ရာ အချက်ကြီးဖြစ်ပေသည်။ ပထမအယ်ဒီတာမှာ ဘာသာ ၆ မျိုး တတ်သော နေမျိုးသီဝသိဒ္ဓိဘွဲ့ခံ တရုတ်ကပြား ဦးအဟီး ဖြစ်သည်။ ၁၂၃၇ ခုနှစ်တွင် ဘိုးဝဇီရအား အယ်ဒီတာခန့်သည်။ သတင်းစာရေးသားပုံမှာ လွတ်တော်အရေးအသားမျိုးဖြစ်၍ ခန့်ခန့်ငြားငြားနှင့် ရှင်းရှင်းဖြစ်သည်။ ဘိုးဝဇီရ၏ နဘေအစပ်များမှာ ယခုအခါ ကဗျာစာပေများတွင် အပါအ၀င်ဖြစ်နေပေသည်။ ၄င်းသတင်းစာ မှာ မင်းတုန်းသီပေါနှစ်လက်ထက်လုံး မပြတ်မလတ် ဆက်လက်ထုတ်ဝေခဲ့ရာ ၁၂၄၇ ခုနှစ် မန္တလေး နန်းပျက်မှ ရပ်တန့်သွားလေသည်။
လောကီသုတပညာသတင်းစာ
ထိုအတွင်း ခရစ် ၁၈၇၃ ခုနှစ်တွင် အောက်မြန်မာနိုင်ငံဗြိတိသျှအစိုးရက လောကီသုတပညာ သတင်းစာ အမည်နှင့် မြန်မာဘာသာ သတင်းစာတစ်စောင်ကို ရက်သတ္တတစ်ပတ် တစ်ကြိမ်ကျထုတ်ဝေသည်။ ၄င်းသတင်းစာကို ဗြိတိသျှအစိုးရက တိုင်းရင်းမြန်မာပညာသင်ကြားရေးကို ကူညီမှုဖြစ်စေရန် ရည်ရွယ်ရင်း ရှိသော်လည်း တပါးဗဟုသုတ ဖြစ်ဖွယ်ရာစာများကိုလည်း ထည့်သွင်းသည်။ ရေးသားပုံမှာ မေတ္တာစာ ဆန်ဆန် လင်္ကာစကားပြေ ရောယှက်သည်။
ဟံသာဝတီနှင့်မြန်မာအဆွေ
၁၈၉၀ လောက်တွင် ရန်ကုန်မြို့ ဟံသာဝတီပုံနှိပ်တိုက်က ဟံသာဝတီသတင်းစာနှင့် ရန်ကနု ဂေဇက်တိုက်မှ မြန်မာအဆွေသတင်းစာများ ပေါ်ထွက်သည်။ နှစ်စောင်လုံးပင် ရက်သတ္တတစ်ပတ်တစ်ကြိမ် ထုတ်ဖြစ်သည်။ ဟံသာဝတီသတင်းစာကို အုပ်ချုပ်သူ မစ္စတာရစ်ပလီမှာ မင်းတုန်းမင်းတရားကြီးလက်ထက် မန္တလေးရွှေမြို့တော်ဆရာမှတ်ကြီးကျောင်းတွင် ဆုံးဆယ်မင်းသား၊ သီပေါမင်းသားတို့နှင့် ကျောင်းနေဘက်ဖြစ်၍ မြန်မာစာပေကျွမ်းကျင်သူဖြစ်သည်။ နှစ်စောင်လုံးပင် ရေးသားပုံမှာ လင်္ကာစကားပြေ ရောယှက်သည်။ ဟံသာဝတီသတင်းစာမှာ ၁၉၂၀ ပြည့် မတိုင်မီက ရပ်စဲ၍ မြန်မာအဆွေ သသတင်းစာမှာ ၁၉၂၇ ခုနှစ်နောက်တွင်မှ ရပ်စဲသွားသည်။
ခေတ်သစ်မြန်မာသတင်းစာများ
မြန်မာအမျိုးသားတို့သည် ပထမကမ္ဘာစစ်ကြီးအတွင်း ၁၉၁၇ ခုနှစ်လောက်တွင်မှ ၀ံသာနုနိုင်ငံရေးစိတ် ဓာတ်များ ထိထိရောက်ရောက်ထကြွပေါ်ပေါက်သော်လည်း ၄င်းအချိန်မတိုင်မီ ၁၉၀၀ လောက်ကပင် အမျိုးသားစိတ်ဓာတ်များ ပြသစပြုလေသည်။ အင်္ဂလိပ်များ မြန်မာနိုင်ငံကို သိမ်းယူစကပင် ပညာရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စသည်ဖြင့် နိုင်ငံလုပ်ငန်း အဘက်ဘက်တို့တွင် အင်္ဂလိပ်တို့နှင့်၎င်းတို့၏ အပေါင်းပါ ဥရောပတိုက်သား ကုလား၊ တရုတ် စသည်တို့က လက်ဝါးကြီးအုပ်ထားလျက် တိုင်းရင်းသား များမှာ အစစတွင် အောက်ကျနောက်ကျဖြစ်နေလေသည်။ ၁၉၀၀ လောက်သို့ ရောက်သောအခါ အိုင်အေ၊ ဘီအေ စသော အထက်တန်း အင်္ဂလိပ်စာတတ် ခေတ်သစ်လူငယ်များ ပေါများလာခြင်း အိန္ဒိယကွန်ကရက် အဖွဲ့ကြီး၏ လှုံဆော်ချက်များကို ကြားသိရခြင်း စသည်တို့ကြောင့် မြန်မာများအတွက် အဘက်ဘက်တွင်တိုးတက်စေရမည်။ နိုင်ငံတွင်းအုပ်ချုပ်ရေးမှစ၍ နေရာတိုင်းမှာ မြန်မာများအား နေရာပေးရမည်ဟု လှုံဆော်တောင်းဆိုလာကြလေသည်။ ထိုကိစ္စအတွက် ထိုခေတ်က အင်္ဂလိပ်စာတတ် လူငယ်တစ်ဦးဖြစ်သော ဦးလှဖေက ၁၉၀၉ ခုနှစ်တွင် သည်-ဘားမင်း ခေါ် ရက်သတ္တ တစ်ပတ်တစ်ကြိမ်ထုတ် အင်္ဂလိပ်စာသတင်းစာ တစ်စောင်ကို စတင်ထုတ်ဝေလေသည်။ ထိုသတင်းစာ တည်ထောင်ရာတွင် ၀တ်လုံတော်ရ ဦးခင်၊ ဦးမေအောင်တို့လည်း ပါဝင်ကြသည်ဟုဆိုသည်။
ဆက်ရန်
No comments:
Post a Comment