Wednesday, July 4, 2012

မြန်မာသတင်းစာသမိုင်း

 သတင်းစာဆိုသည်မှာ တစ်ပြည်ထောင် တစ်နိုင်ငံတည်းတွင်သာ ရှိသည်မဟုတ်။ တစ်ကမ္ဘာလုံးတွင် ရှိသည်ဖြစ်သောကြောင့် မြန်မာနိုင်ငံသတင်းစာသမိုင်းကို လေ့လာရာတွင် ကမ္ဘာ့သတင်းစာသမိုင်းကိုလည်း အမြွက်မျှ ဖြစ်စေကာမူ လေ့လာသိရှိထားရန် လိုပေသည်။
ပထမသတင်းစာ
  ရှေးနှစ်ပေါင်း ၂၀၀၀ လောက်ကပင် ဥရောပတိုက်၊ ရောမဘုရင်တို့သည် ပြည်သူလူအများသိစေလိုသော အကြောင်းအရာများကို နေ့စဉ်ရေးသား၍ နန်းတော်၊ ရုံးတော် စသည်တို့တွင် ကပ်ထားလေ့ရှိကြသည်။ ၄င်းကို ရောမဘာသာဖြင့် အက်တာ-ဂျာနယ်လီယား(Acta Jiurnalia) ဟုခေါ်သည်။ သို့သော် ၄င်းမှာ နံရံကပ် ကြေညာချက်ဖြစ်သည်။ သတင်းစာမဟုတ်သေးဟု ယူဆကြသည်။ တရုတ်ပြည် ပီကင်းနန်းတော်မှ ခရစ်နှစ် ၆၀၀ ကျော်လောက်ကစ၍ ထုတ်သော ပီကင်းဂေဇက် ခေါ် တီချောင် သတင်းစာမှာမူကား မူလပိုးဖျင်ပေါ်တွင် ရေး၍ စက္ကူပေါ်တွင် တဆင့်ပုံနှိပ်ပြီးလျှင် အဝေးမြို့ရွာများသို့ ဝေငှသည့်ပြင် နန်းတွင်းသတင်းသာမဟုတ်ပဲ အဝေးမြို့ရွာသတင်းများ ပါရှိသဖြင့် သတင်းစာဖြစ်သည်ဟု ယူဆကြသည်။ ထိုသို့ သတင်းစာဖြစ်ရုံသာမက ထို ၆၀၀ နှစ်လောက်မှစ၍ ၁၉၁၁ ခု တရုတ်နန်းဆက်ပြတ်သည်အထိ နှစ်ပေါင်း ၁၂၀၀ ခန့် မပြတ်မလတ် ဆက်လက်ထုတ်ဝေခဲ့သောကြောင့် ရှေးအကျဆုံး၊ အသက်အရှည်ဆုံး သတင်းစာဖြစ်လေသည်။
  ဥရောပတိုက်တွင်မူကား ခရစ်နှစ် ၁၅၉၄ ခုနှစ်တွင်မှ ပထမသတင်းစာစ၍ ပေါ်ပေါက်လာသည်။ ၄င်းမှာ ဂျာမနီပြည်၊ ကိုလုံးမြို့၊ ၄င်းနောက် ဖရင်းဖို့မြို့မှ ထုတ်သော မာကြူရီးယားစ်- ဂဲလိုဘဲလ်ဂျီကပ်စ် (Mercurious Gallobelgicus) ဖြစ်သည်။ ထိုမှစ၍ သတင်းစာထုတ်ဝေမှုသည် အင်္ဂလန်၊ ပြင်သစ်၊ အီတလီစသော အနောက်နိုင်ငံများသို့ ပြန့်နှံ့သွားလေသည်။ ထိုမှတဖန် ကမ္ဘာလုံးသို့ ပြန့်ပွားလေသည်။ ထိုကဲ့သို့ သတင်းစာထုတ်ဝေမှုသည် တစ်ကမ္ဘာလုံးသို့ ပြန့်ပွားသွားသော်လည်း ၁၈၇၀ ခုလောက်ရောက်မှ ယခုကဲ့သို့သော လူထုသုံးသတင်းစာအဖြစ်သို့ ရောက်ရှိလေသည်။ အင်္ဂလန်ပြည်တွင် ၁၆၀၀ ခုကျော်လောက်ကပင် သတင်းစာများ ထွက်ပေါ်နေသော်လည်း ပြည်သူလူအများ စာမတတ်သေးသည်က တစ်ကြောင်း၊ အစိုးရက သတင်းစာများအပေါ်တွင် တံဆိပ်တော်ခွန် ကြီးလေးစွာ ကောက်ခံသည်က တစ်ကြောင်း၊ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ကို ရသင့်သလောက် မရသေးသည်က တစ်ကြောင်း ကြောင့် သတင်းစာသည် လူထုလက်သို့ မရောက်သေးပဲ အထက်တန်းစားလူတစ်စုသာ ဖတ်ရူခွင့်ရလေသည်။ ၁၈၇၀ ပြည့်နှစ် နိုင်ငံပညာရေးကို အစိုးရက တာဝန်ခံသဖြင့် စာတတ်သူများ တိုးတက်ပေါများလာမှ သတင်းစာသည် လူထုသုံး ဖြစ်လာလေသည်။
  ပထမမြန်မာသတင်းစာ
 အနောက်နိုင်ငံသားများသည် ရောက်လေရာအရပ်သို့ မိမိတို့ ဓလေ့ထုံးစံ အသုံးအဆောင်များကို ယူဆောင်လာတတ်သည်နှင့် အညီ အင်္ဂလိပ်တို့ မြန်မာနိုင်ငံသို့ ၀င်ရောက်လာသောအခါ ၄င်းတို့၏ အသုံးအဆောင်တစ်ရပ်ဖြစ်သော သတင်းစာထုတ်ဝေမှုလုပ်ငန်းကိုလည်း ယူလာကြလေသည်။ မြန်မာနိုင်ငံတွင် ထုတ်ဝေသော သတင်းများအနက်အစောဆုံးအမှတ်အသား တွေ့ရသော သတင်းစာမှာ ၁၈၇၃ ခု ၊ မော်လမြိုင်မြို့တွင် တနင်္သာရီမဟာမင်းကြီး ဘလန်ဒယ်ကြီးကြပ်ထုတ်ဝေသော အင်္ဂလိပ်ဘာသာ သတင်းစာတစ်စောင်ဖြစ်သည်။ ထိုသတင်းစာအောင်မြင်၍ မြန်မာဘာသာဖြင့် စာစောင်တစ်စောင်ထုတ်ဝေသည်။ အယ်ဒီတာမှာ ၁၈၁၆ ခုနှစ်က မြန်မာနိုင်ငံသို့ ရောက်လာ၍ ဆရာယုဒသာန်နှင့် လုပ်ဖော်ကိုင်ဘက်ဖြစ်သော အမေရိကန်သာသနာပြုဆရာ မစ္စတာဟောက်ဖြစ်သည်။ 
ထို့နောက် အထက်ပါ မစ္စတာဘလန်ဒယ်၏ သတင်းစာနှင့်ပြိုင်တူလောက်ဖြစ်သော မော်လမင်း - ကရော်နီကယ် ခေါ် အင်္ဂလိပ်ဘာသာ သတင်းစာထွက်ပေါ်လာသည်။ ထိုသတင်းစာ၏ အယ်ဒီတာမှာ မစ္စတာ ဂျော့ဟောက်ဖြစ်သည်။ အစိုးရကို ဝေဖန်ရေးသားမှုဖြင့် ထောင်ဒဏ်တစ်လ ခံရသည်။ ၁၈၅၂ ခု ဘကြီးတော်လက်ထက် ဒုတိယမြန်မာ စစ်ပြီးသည့်နောက် အင်္ဂလိပ်တို့က မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းယူပြီးသောအခါ ထိုသတင်းစာသည် ရန်ကုန်မြို့သို့ ပြောင်းရွှေ့၍ ရန်ကုန် - ကရော်နီကယ် အမည်ဖြင့် ဆက်လက်ထုတ်ဝေသည်ဟု ဆိုသည်။ ထို့နောက်မူကား  ရန်ကုန်မြို့တွင်သတင်းစာ အများအပြား ပေါ်ပေါက်လာသည်။ ၁၈၅၆ ခုနှစ်တွင် မစ္စတာတောမစ်- ဂေါ့ဖရီးဆိုသူ ရှေ့နေတစ်ဦးက ရန်ကုန်တိုင်း သတင်းစာကို တည်ထောင်သည်။ ၁၈၅၈ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ကုန်သည်တစ်စုက ရန်ကုန်တိုင်း ကို ပြိုင်၍ ရန်ကုန် ဂေဇက်သတင်းစာ ကို တည်ထောင်သည်။ ၁၈၇၈ ခုနှစ် တွင် ရန်ကုန် ဒေးလီမေး နှင့် ၁၈၇၉ ခုနှစ်တွင် မစ္စတာ မင်နယူရယ်က ဒေးလီ-ရီဖြူး သတင်းစာကို တည်ထောင် လေသည်။ သို့သော် ထိုသတင်းစာများသည် ခေတ္တသာခံ၍ ပျောက်သွားကြလေသည်။ ရန်ကုန်တိုင်းနှင့် ရန်ကုန်ဂေဇက် တို့မှာကား ၁၉၅၄ ခု၊ ရန်ကုန်မြို့သို့ ဂျပန်ဝင်မှ ရပ်စဲသွားကြသည်။ ရန်ကုန် ဂေဇက် မှာ အစိုးရအာဘော်ဖြစ်၍ ရန်ကုန်တိုင်းမူကား လွတ်လွတ်လပ်လပ်ရေးသည်။
ဆက်ရန်

No comments:

Post a Comment