ပင်လယ်ပြင်ထဲရှိ ကျောက်တောင်ကြီး၏ အပြင်ဘက်သို့ ထိုးထွက်နေသော ကျောက်စွန်းထက်ပေါ်တွင် စင်ရော်လေးမှာ တစ်ကောင် တည်း ရှိနေသည်။ ယမန်နေ့ကပင် သူ့အစ်ကို စင်ရော်နှစ်ကောင်နှင့် ညီမလေးတို့ သည်နေရာက ပျံသန်းထွက်ခွားသွားခဲ့ကြပြီ။ သူတို့နှင့် အတူ လိုက်ပြီး မပျံရဲခဲ့သဖြင့် သူ့မှာတစ်ကောင်တည်း ကျန်နေရစ်ခဲ့ရခြင်းဖြစ်သည်။ ကျောက်စွန်းထိပ်ဆီသို့ ပြေးလာပြီး အတောင်ခတ် ပျံသန်း လိုက်မည်ဟု အားတင်းကြိုးစားကြည့်သော်လည်း ကြောက်စိတ်ဝင်လာသဖြင့် မပျံသန်းဖြစ်တော့။
သူ့အောက်ဘက်မှာတော့ မိုင်ပေါင်းများစွာအပြောကျယ်လှသည့် ပင်လယ်ကြီး၊ သူ့တောင်ပံတွေက သူ့ကိုလွတ်အောင်ပင့်တင်ပေးနိုင်လိမ့်မည်မထင်။ ထို့ကြောင့် ခေါင်းစိုက်ချပြီး သူ့အိပ်နေကျ ကျောက်စွန်း ထဲမှ ကျောက်လှိုဏ်ကလေးအတွင်းသို့ ပြန်ပြေးလာခဲ့သည်။ တကယ်တမ်းမှာတော့ သူ့တောင်ပံတွေက သူ့အစ်ကို၊ သူ့ညီမတို့၏ အတောင်ပံများထက်ပို၍ ရှည်လျားသည်။ တောင်ပံပိုတိုသော သူတို့ တစ်တွေက သည်နေရာ ကျောက်စွန်းထက်ဆီမှ ပျံသန်းထွက်ခွာသွားကြပြီ။ သူသာ သတ္တိမရှိ၍ ကျန်နေရစ်ခဲ့ရခြင်းဖြစ်သည်။
သူ့အဖေနှင့်အမေက သူတို့ဆီကို ပျံသန်းလာဖို့ တကြော်ကြော် အော်ခေါ်သည်။ ပျံသန်းမလာလျှင် အစာအငတ်ထားမည်ဟု ခြိမ်း ခြောက်သည်။ သို့သော်လည်း သူက တုတ်တုတ်မျှမလှုပ်၊ ငုတ်တုတ်။
ထိုအဖြစ်အပျက်မှာ ယမန်နေ့က ဖြစ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ သူ့အနားသို့ မည်သူမျှ လာမကပ်ကြတော့။ သူ့အဖေနှင့် အမေ၊ အစ်ကိုနှစ်ကောင်၊ ညီမလေးတို့နှင့် အတူလေထဲမှာ ပျံသန်းရင်း ပင်လယ်လှိုင်းလုံးများစီးလိုက်၊ ငါးဖမ်းသုတ်လိုက်နှင့် ပညာသင်ပေး နေသည်ကို သူတစ်နေ့လုံး ထိုင်ကြည့်နေမိသည်။ သူ့အစ်ကိုစင်ရော် ငါးတစ်ကောင် ပထမဆုံး ဖမ်းမိသွားသည်။ ဖမ်းမိသော ငါးကို ကျောက် ဆောင်ပေါ်သို့ ချပြီး အငမ်းမရ ထိုးဆိတ်စားသည်။ သူ့အဖေနှင့်အမေက ဂုဏ်ယူဝမ်းသာသည့် အသံများဖြင့် အော်ဟစ်ပြီး ကျောက်ဆောင်အနီးတွင် လှည့်ပတ်ပျံဝဲနေကြသည်။ ထိုနေ့ တစ်နံနက်ခင်းလုံး သူ့မိသားစုသည် သူနှင့် မျက်နှာချင်းဆိုင်ရှိ ချောက်ကမ်း ပါးအပေါ်က ကုန်းမြင့်ထိပ်တွင် အခါခါ အခေါက်ခေါက် လျှောက်ပြီး သူရဲဘော်ကြောင် သတ္တိနည်းသည့် သူ့ကို ကဲ့ရဲ့ စကားတင်းဆိုနေကြ သည်။
နေက မြင့်တက်လာသည်။ ကျောက်စွန်းထက်တွင် အပူချိန်တစ်ရှိန်ရှိန် တောက်လောင်ကာ ပူပြင်းလာသည်။ မနေ့ညကတည်းက ဘာမျှ မစားမသောက်ခဲ့ရသဖြင့် သူ့ရင်ထဲတွင် ဗလောင်ဆူဝေနေသည်။ ကျောက်စွန်း၏ နောက်ဘက်မှ လိမ်ခြောက်နေသည့် ငါးကွင်းရှပ်တစ်ကောင်၏ အမြီးပိုင်းကလေးမှ တစ်ပါး တခြားစားကြွင်းစားကျန် အစအနကလေးတစ်ခုတလေမျှ မတွေ့ရ။ သူတို့မောင်နှမ တစ်တွေ မွေးဖွားအကောင်ပေါက်ခဲ့သည့် အသိုက်ဆီသို့ သွားပြီး စားစရာကို ဖြဲယက်ရှာသည်။ မတွေ့ ။ သူတို့၏ ဥခွံခြောက်ကိုသာ တွေ့၍ တကျွပ်ကျွပ်ကောက်ဝါးလိုက်မိသည်။ ဥခွံခြောက်တွေကို ပြန်စားရင်း မိမိကိုယ်မိမိ ပြန်းထိုးဖဲ့ဆိတ်စား နေသည့်အလား ခံစားရပြန်သည်။
ထို့နောက် ကျောက်စွန်းဆီသို့ သွားလိုက်၊ ပြန်လာလိုက်နှင့် ခေါက်တုံ့ခေါက်ပြန် လမ်းသလားနေမိတော့သည်။ သူ့အဖေနှင့် အမေ ဆီသို့ မပျံသန်းဘဲနှင့် ဘယ်နည်းနှင့်ရောက်နိုင်မည်နည်းဟု အကြံထုတ်နေခြင်း ဖြစ်သည်။ သို့သော်လည်း သူ့ဘေးတစ်ဘက် တစ်ချက် တွင် ကျောက်စွန်း။ ဟိုဘက်မှာက ချောက်ကမ်းပါး ကြားမှာတော့ ပင်လယ်ကြီး ......။ စင်ရော်ကလေးသည် ကျောက်စွန်းထိပ်ဆီသို့ ခပ်အေးအေး လျှောက်လာသည်။ ခြေတစ်ချောင်းကို အတောင်အောက်တွင် ၀ှက်ကာ ကျန်ခြေတစ်ချောင်းတည်းနှင့် မတ်တပ်ရပ်နေသည်။ မျက်စိတစ်ဖက်ကိုမှိတ်သည်။ နောက်တစ်ဖတ်ကို ထပ်မှိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ သူတို့တွေကတော့ သူ့ကို သတိမထားမိကြ။ သူ့အစ်ကို နှစ်ကောင်နှင့် ညီမလေးတို့သည် ချောက်ကမ်းပါးထက်တွင် ငိုက်မြည်းနေကြလျက်။ သူ့အဖေက သူ့ကျောကုန်းပေါ်မှ အမွှေးအတောင်များကို သယ နေလျက်။ အမေ ကတော့ သူ့ကို ကြည့်နေသည်။ ချောက်ကမ်းပါးပေါ်က ကုန်းကမူကလေးထက်တွင် မတ်တပ်ရပ်ကာ ငါးတစ်ကောင်ကို ခြေနှင့်နင်းပြီး ထိုးဆိတ်သည်။ နှုတ်သီးကို ကျောက်ဆောင်ပေါ်တွင် ဘယ်ညာသွေး၍ နေသည်။ အစာကို မြင်ရတော့ သူ့မှာ ရူးမတတ် ဖြစ်ရသည်။ ငါးကို နှုတ်သီးနှင့် ထိုးဆိတ်စားချင်စိတ် အငမ်းမရ ဖြစ်လာသည်။ အသံတိုးတိုး သူအော်ပြောလိုက်သည်။ သူ့အမေကလည်း သူ့ကို ငုံ့ကြည့်ပြီး သူ့လိုပင် အသံတိုးတိုးနှင့် ပြန်အော်သည်။
ဂါ - ဂါ - ဂါ -သူ့ဆီအစာလာပို့ပါဟု တောင်းပန်သည့်အလား အော်ပြောသည်။ အမေက သူ့ကို သရော်တော်တော်ပြန်အော်သည်။ သူက ထပ်တလဲလဲအော်သည်။ သူ့အော်သံက ပျော်သံရွှင်သံ ပါလာသည်။သူ့အမေက ငါးအပိုင်းအစ တစ်ဖဲ့ကို ကောက်ချီကာ သူ့ဆီ ပျံသန်းလာသည်။ သူ့အမေနှင့် နီးသွားအောင် သူ့ကိုယ်ကို ရှေ့ဘက်သို့ ကိုင်းလိုက်သည်။ သူ့ခြေထောက်တွေ ကျောက်ဆောင်နှင့် ရိုက်မိသွားသည်။ သူ့အမေသည် သူနှင့် မလှမ်းမကမ်းကျောက်စွန်းနား နီးနီးအထိ ရောက်သောအခါ ဆက်မပျံဘဲ တန်းနေလိုက်သည်။ အမေ့နှုတ်သီးထိပ်က ငါးသည် သူ့နှုတ်ခမ်းနှင့် မီလုမီခင် အနေအထားသို့ ရောက်နေပေပြီ။ သူ့အမေ ဘာကြောင့် ရှေ့ဆက်တိုးမလာပါလိမ့်ဟု သူတစ်အောင့်တွေးနေလိုက်မိသေးသည်။ အစာ စားချင်စိတ်ရူးမတတ် ခံစားရသည်။ ငါးကို သူလှမ်းထိုးသုတ်လိုက်သည်။ ငယ်သံပါအောင် အော်လိုက်သည့်အသံနှင့် အတူ ဟင်းလင်းပြင်ကြီးထဲသို့ သူလွှင့်စင်ထိုးကျသွားတော့သည်။ သူ့အမေက အထက်သို့ ပျံတက်သွားသည်။ သူအကြီးအကျယ်ကြောက်လန့် တုန်လှုပ်သွားသည်။ နှလုံးသွေးရပ်တန့်သွားလေသလားဟုပင် မှတ်ရသည်။ သူ ဘာသံမှ မကြားရတော့ ခဏကြာတော့ သူ့တောင်ပံတွေဖြန့်ထွက်လာသည်။ လေက သူ့ရင်ဘတ်မွှေးများဆီသို့ တိုးဝင်တိုက်ခတ်လာသည်။ နောက် သူ့ရင်ဘတ်နှင့် သူ့တောင်ပံများဆီသို့။ သူ့အတောင်တွေက လေကို ခွဲပြီး ပျံသန်းနေကြသည်ဟု သူခံစားရသည်။ ယခုတော့ သူဇောက်ထိုးမိုးမျှော်လည်းမကျတော့ ။ တစ်ဖြည်းဖြည်း အောက်သို့ဝဲပျံ၍ နေသည်။ ကြောက်စိတ်တွေလည်း မရှိတော့။ ခေါင်းအနည်းငယ် မူးဝေသလိုလိုတော့ ခံစားရသည်။ တောင်ပံကို တစ်ကြိမ်ခတ်လိုက်သောအခါ အမြင့်သို့ ပျံတက်သွားသည်။ သူတအားပျော်ပြီး အော်ဟစ်လိုက်မိသည်။ တောင်ပံကို ထပ်ခတ်လိုက်ပြန်ရာ အမြင့်သို့ ထပ်တက်သွားပြန်သည်။ မြင့်သည်ထက် ပို၍ မြင့်တက်သွားတော့သည်။ သူရင်ကိုကော့ကာ လေကိုဆန်၍
ဂါ.. ဂါး.. ၊ ဂါ.. ဂါး.. ဂါးဟု အားပါးတရ အော်ဟစ်နေမိတော့သည်။သူ့အမေက တောင်ပံ ခပ်ပြင်းပြင်းခတ်ကာ သူ့အနားက ဖြတ်၍ ထိုးဆင်းပျံသန်းသွားသည်။ သူ့အစ်ကို နှစ်ကောင်နှင့် သူ့ညီမတို့လည်း သူ့နံဘေးတွင် ပျံဝဲနေကြသည်ကို တွေ့ရသည်။ လေထဲတွင် နိမ့်လိုက် မြင့်လိုက် ၊ စောင်းလိုက် ရွေ့လိုက်...။ ယခုမူတော့ မပျံသန်းနိုင်ဟု အထင်ရောက်ခဲ့သည့် အတွေးများကို သူလုံးလုံးမေ့လျော့သွားခဲ့ပေပြီ။ ကျယ်လောင်စွာ ဟစ်ကြွေးပြီးလေထဲတွင် အမျိုးမျိုး အဖုံဖုံ ပျံသန်းကြည့်ရူဖို့သာ သူ့စိတ်မနောတွင် ရှိနေပေတော့သည်။ ပင်လယ်ပြင်ကြီးဆီ တူရူ မျက်နှာမူ၍ ပျံသန်းရင်း ပင်လယ်ကြီးနှင့် သူထိတွေ့လာခဲ့ပြီ။ သူ့အောက်တွင် အပြောကျယ်လှသည့် စိမ်းစိမ်းလဲ့လဲ့ ပယ်လယ်ပြင်ကြီး။ လှိုင်းတွေက အလိပ်လိုက် ရွေ့လျားပြေးလွှားနေကြလျက်။ ခေါင်းကို တစ်ချက်စောင်းကာ အားပါးတရ အော်ဟစ်လိုက်သည်။ သူ့အဖေ၊ အမေ၊ သူ့အစ်ကိုနှင့် ညီမလေးတို့သည် သူ့ရှေ့ရှိ ပင်လယ်ပြင် စိမ်းလဲ့လဲ့ပေါ်တွင် ဆင်းသက်နေကြချေပြီ။ သူတို့က သူ့ကိုအော်ရင်း ခေါင်းညိတ်ခေါ်သည်။ သူ့ခြေထောက်အစုံကို ပင်လယ်ပြင်ကြီးပေါ်သို့ ချလိုက်သည်။ ခြေထောက်တွေ ရေထဲနှစ်မြုပ်သွားကြသည်။ သူလန့်ဖျတ်ပြီးတအားအော်ဟစ်လိုက်သည်။ တောင်ပံခတ်ပြီး ပျံတက်မည်ပြင်လိုက်သည်။ သို့သော်လည်း သူမောပန်းနေချေပြီ။ လေထဲတွင် အမျိုးမျိုးပျံသန်းနေခဲ့သဖြင့် အပေါ်သို့ ပျံမတတ်နိုင်တော့။ သူ့ခြေထောက်အစုံ ပင်လယ်ပြင်ကြီးထဲသို့ နစ်ဝင်သွားသည်။ ရင်ခေါင်းအထိ ရေမြုပ်ဝင်သွားသည်။ သူရေပေါ်တွင် ပေါ်လောပေါ်လောဖြစ်နေသည်။ သူ့အနီးပတ်ပတ်လည်တွင် သူ့မိသားစု။ သူ့ကို ၀ိုင်းဝန်းအော်ဟစ်ချီးကျူးနေကြလျက်။ သူတို့တတွေ၏ နှုတ်သီးများတွင် သူ့အတွက် အစာတွေ၊ ငါးအပိုင်းအစတွေ ကိုက်ချီထားကြလျက်။ စတင်ပျံသန်းရမည့်အရေးကို အကြောက်ကြီးကြောက်ရွံ့ခဲ့သည့် စင်ရော်ကလေးမှာ ယခုတော့လည်း သူ၏ ပထမဆုံးပျံသန်းမှုကို ပြီးဆုံးအောင် လုပ်ကိုင် ဆောင်ရွက်ခဲ့ပါပြီတည်း။
Liam O'Fla-herty ၏ His First Flight Story ကို လင်းဝေမြိုင်မှ ဘာသာပြန်ဆိုပါသည်။
No comments:
Post a Comment