Friday, August 17, 2012

DoS command နှင့်လက်တွေ့အသုံးများ



DoS command နှင့်လက်တွေ့အသုံးများ မြန်မာလို စာအုပ်လေးပါ။

ဒီနေရာ မှာဒေါင်းနိုင်ပါတယ်။

Microsoft Office Excel 2010


Microsoft Office Excel 2010 (မြန်မာ) စာအုပ်လေးပါ။ လေ့လာထားသင့်ပါတယ်။

ဒီနေရာ မှာဒေါင်းနိုင်ပါတယ်။

မျက်ကွင်းညိုခြင်း



မျက်ကွင်းညိုခြင်းဟာ တကယ်တော့ ရောဂါတစ်ခုမဟုတ်ပါဘူး။ မျက်လုံးနားက အသားအရေဟာ မျက်နှာပြင်ရှိ တခြားအသားအရေများ ထက် ပိုပြီးတော့ ပါးလွှာပါတယ်။ မျက်လုံးပတ်ပတ်လည်မှာ အာဟာရပြု ထောက်ပံ့ နေတဲ့ သွေးကြောလေးတွေက အင်မတန် သေးငယ် ပြီး အဲဒီဆံချည်မျှင် သွေးကြောလေးတွေထဲမှာရှိတဲ့  ဟေမိုဂလိုဘင်(Hemoglobin) များပျက်စီးဆုံးရှုံးခြင်းမှ ထွက်ပေါ်လာတဲ့ ရလာဒ် တစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့်မို့မျက်လုံးပတ်လည်ကို ထိခိုက်မိခြင်း ( ဥပမာ - လက်သီးဖြင့်အထိုးခံရခြင်း) တို့ တွင် သွေးကြောများ ပျက်စီးခြင်းကြောင့်မျက်လုံး ပတ်ပတ်လည်မှာ အညိုအမဲစွဲနေခြင်းဖြစ်ပါတယ်။ မျက်လုံးပတ်ပတ်လည်ရှိ အရေပြားများမှာ အင်မတန် နူးညံ့ပြီး ပါးလွှာလွန်းတဲ့အတွက် အနည်းငယ်ထိခိုက်မိရုံနဲ့ အညိုအမဲစွဲနေနိုင်ပါတယ်။ မျက်လုံးတ၀ိုက်တွင် ထိခိုက်မခံရပေမယ့်လည်း မျက်ကွင်းညိုခြင်းဟာ အောက်ပါ အကြောင်းအရာများကြောင့်ဖြစ်စေနိုင်ပါတယ်။

၁။ မျိုးရိုးလိုက်ခြင်း

၂။အိုမင်းရင့်ရော်လာခြင်း

၃။နေရောင်ခြည်နှင့် မကြာခဏထိတွေ့ခြင်း

၎။ နေ့စဉ်ရက်ဆက် ပင်ပန်းနွမ်းနယ်ခြင်း

၅။ စိတ်ဖိစီးမှုများခြင်း

၆။နှင်းခူ ကဲ့သို့သောဓါတ်မတည့်သည့်ရောဂါများရှိနေခြင်း

၇။ ထိပ်ကပ်နာကဲ့သို့သော နှာခေါင်းနှင့်ပတ်သတ်သော ရောဂါများရှိခြင်း

၈။ရေဓါတ်ခန်းခြောက်ခြင်း

၉။ ကွန်ပျူတာ ၊တီဗွီမှန်သားပြင်ရှေ့တွင် အချိန်အတော်ကြာ အာရုံစိုက်၍အလုပ်လုပ်ခြင်း စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

အထက်တွင် ပြောခဲ့သလိုပဲ မျက်ကွင်းညိုခြင်းဟာ စိုးရိမ်စရာ ရောဂါတစ်ခုမဟုတ်ပါ။ မျက်နှာတွင်ဖြစ်ပေါ်နေခြင်းကြောင့်သာ အလှအပ အတွက် အနည်းငယ် စိတ်ရှုပ်စရာဖြစ်ပေမယ့် မျက်ကွင်းညိုခြင်းဟာ လူကို ဒုက္ခပေးတဲ့ ရောဂါတစ်ခုတော့မဟုတ်ပါဘူး။ မျက်ကွင်း ညိုခြင်း ကို သက်သာစေဖို့အတွက် နည်းလမ်းလေးတွေလည်းရှိပါတယ်။

ရေများများသောက်ပေးပါ။ တနေ့လျှင် အနည်းဆုံး ဖန်ခွက်ကြီး ၈ ဖန်ခွက်မှ ၁၀ ဖန်ခွက်အထိသောက်ပါ။ ရေများများသောက်ခြင်းဖြင့် အသားအရေကို စိုပြေစေပါတယ်။ မျက်စိကို လက်နဲ့ ကြမ်းကြမ်းတမ်းတမ်းမပွတ်မိပါစေနဲ့။ ရေခဲသေတ္တာထဲတွင် အအေးခံထားသော
သခွါးသီး၊ ဒါမှမဟုတ် အာလူးကို အခွံနွှါ၍ အကွင်းလိုက်ပါးပါးလေးလှီးပြီး မျက်စိပေါ်တွင်တစ်နေ့လျှင်၁၅ မိနစ်ခန့်  တင်ထားပေးပါ။ တခါသောက် (Ready made)လက်ဖက်ခြောက်ထုတ်လေးများကိုလည်းလွှင့်မပစ်ဘဲ ရေခဲသေတ္တာတွင် အအေးခံပြီး မျက်စိပေါ်တွင် တင်ထားပေးနိုင်ပါတယ်။ ထောပတ်ဆီသို့ မဟုတ် သံလွင်ဆီကို မျက်စိဘေးပတ်လည်တွင် ညင်သာစွာပွတ်လိမ်းပေးပါ။ vitamin E ကဲ့သို့သော ကရင်မ် များကိုလည်း မျက်လုံးပတ်လည်တွင် လိမ်းပေးနိုင်ပါတယ်။ အိပ်ရေး၀၀အိပ်ပါ။ နေ့စဉ်ရက်ဆက် အိပ်ရေးပျက်ခြင်း ကြောင့်လည်း မျက်တွင်းချိုင့်ပြီးမျက်ကွင်းညိုသကဲ့သို့ ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့် ပုံမှန် အိပ်ရေး၀၀ အိပ်ဖို့ လည်း လိုအပ် လှပါတယ်။ စိတ်ဖိစီးမှုကင်းဝေးပါစေ။ ကွန်ပျူတာရှေ့၊ တီဗွီရှေ့တွင် တထိုင်တည်း အချိန်အတော်ကြာမထိုင်မိပါစေနဲ့။ မျက်လုံးကို မကြာဏ အနားပေးပါ။ မျက်စိကို နောင်ရောင်နှင့် တိုက်ရိုက်မထိတွေ့ပါစေနှင့်။ နေရောင်နှင့် ထိတွေ့ခြင်းကြောင့် အရေပြားတွင် မယ်လနင် (melanin)များပိုမိုထွက်ရှိနိုင်ပြီး မျက်ကွင်းညိုခြင်းကို ပိုမိုဆိုးစေနိုင်ပါတယ်။ အရည်ရွှမ်းသော အသီးအနှံများနှင့် လတ်ဆတ် သော ဟင်းသီးဟင်းရွက်များကို များများစားပေးပါ။

အထက်ပါအတိုင်း လိုက်နာလုပ်ဆောင်ပေးမယ်ဆိုပါက မျက်ကွင်းညိုခြင်းကို လျော့ကျ ပျောက်ကင်းစေနိုင်ပါကြောင်း ရေးသားလိုက်ရ ပါတယ်။

အောင်အောင်



Tuesday, August 14, 2012

အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းများ


လူအပါအ၀င် သတ္တ၀ါအားလုံးအတွက် မရှိမဖြစ်လိုအပ်သော မရှောင်လွှဲနိုင်သော အလုပ်သုံးခုမှာ စားခြင်း၊ အိပ်ခြင်းနှင့် မေထုန်မှီဝဲခြင်းတို့ ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အခြေခံလိုအပ်ချက်များဟူ၍လည်း သိပ္ပံပညာရှင်များနှင့် လူမှုရေးပညာရှင်များက ပြောဆိုကြသည်။

ထိုမရှောင်လွှဲနိုင်သော အလုပ် ၃-ခုအနက် စားခြင်းမှာ တခါတရံ ထိန်းသိမ်း၍ရ၏။ မေထုန်မှီဝဲခြင်းမှာလည်း ရှောင်လွှဲ၍ရ၏။ အိပ်ခြင်းကိုမူ မည်သူမျှ အကြာကြီး ရှောင်၍မရပေ။
လူတို့သည် အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်ဖြစ်နိုင်၏။ အိပ်မရဖြစ်နိုင်၏။ ထိုအခါ အိပ်မရသော် အိပ်ဆေးများ သုံးလာကြသည်။

အမေရိကန်နိုင်ငံ၌ တနှစ်လျှင် အိပ်ဆေးတန်ချိန် ၆၀၀-ကျော်မျှ ရောင်းချရ၏။ အမေရိကန်လူမျိုး သန်း ၅၀-ကျော်သည် အိပ်ဆေးမစားရပါက အိပ်၍မရဟု သိရသည်။ အိပ်ပျော်စေရန် သုံးသော ဆေးများမှာ ကမ္ဘာပေါ်တွင် လူသုံးအများဆုံးဆေးများ ဖြစ်ပါသည်။

အောက်ပါလုပ်ဆောင်ချက်များသည် အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းများ ဖြစ်ပါသည်။

အိပ်ရာမ၀င်မီ ရေချိုးခြင်း။

အိပ်ရာမ၀င်မီ ရေချိုးခြင်းမှာ လူကို လန်းဆန်း၍ သန့်စင်စေသလို အိပ်ရာဝင်သောအခါ၌ အိပ်ပျော်စေ၏။ ပူအိုက်သောရာသီတွင် ရိုးရိုးရေကို ချိုး၍, ချမ်းအေးသောရာသီတွင် ရေနွေးဖြင့်စပ်၍ ချိုးပါက အရေပြားသို့ သွေးအရောက်များပြီး အိပ်ပျော်စေနိုင်ပါသည်။

အိပ်ရာမ၀င်မီ တူရိယာဂီတ နားထောင်ခြင်း။

အိပ်ရာမ၀င်မီ ငြိမ့်ညောင်းသာယာသော ဂီတသံများ နားထောင်ခြင်း၊ ပျော်ရွှင်ဖွယ်၊ စိတ်ငြိမ်းချမ်းဖွယ် ရုပ်ရှင်၊ တယ်လီဗေးရှင်းဇာတ်လမ်းများ ကြည့်ရှုခြင်းမှာ စိတ်ကို လန်းဆန်း၍ လူကို အိပ်ပျော်စေပါသည်။

စာဖတ်ခြင်း။

အိပ်ရာမ၀င်မီ မိမိစွဲမက်သော ၀တ္ထုစာအုပ်များကို ဖတ်၍ အိပ်ပါက အိပ်၍ပျော်စေပါသည်။

စိတ်လျော့ခြင်း။

မအိပ်မီ စိတ်လျော့ခြင်း၊ တရားထိုင်ခြင်း၊ အနင်းအနှိပ် ခံခြင်းများသည်လည်း အိပ်၍ပျော်စေပါသည်။

နွားနို့ပူပူသောက်ခြင်း။

အိပ်ရာမ၀င်မီ နွားနို့(သို့) အိုဗာတင်း၊ မိုင်လို စသည်တို့ကို ခပ်ပူပူ ခပ်နွေးနွေး တခွက်သောက်ပါက အိပ်ပျော်စေသည်။ ဗိုက်လည်းပြည့်၊ သွေးလည်ပတ်မှုနှင့်လည်းညီ၊ အာဟာရလည်းရသဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပေသည်။

ကခုန်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း။

အိပ်ရာမ၀င်မီ နာရီဝက်၊ တနာရီခန့် ကခုန်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် လူ၏ကြွက်သားများကို ပျော့ပျောင်းစေပြီး သွေးလည်ပတ်မှုကို ကောင်းစေသည်။ ကိုယ်ခန္ဓာမှ အညစ်အကြေးများကိုလည်း ထွက်စေသည်။ ထိုသို့ပြုလုပ်ပြီးနောက် ရေချိုးပြီး အိပ်ရာဝင်ပါက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါသည်။

Reference ။ ဒေါက်တာမောင်မောင်ညို (အံဖွယ်သုတစာစောင်)


Monday, August 13, 2012

ဘယ်တော့မှ နောက်မကျပါဘူးနော်

လွန်ခဲ့တဲ့သုံးလေးနှစ်ကလူမှုဆက်ဆံရေး ရက်တိုသင်တန်းတစ်ခုတက်ဖြစ်ခဲ့ရင်းနဲ့ ကြုံခဲ့ရတာလေးပါ။

တစ်ရက်မှာ သင်တန်းနည်းပြက ကျွန်တော်တို့ကို အထူးအဆန်း တစ်ခု လုပ်ခိုင်းပါတယ်။ အတိတ်က ကိုယ့်အပြုအမူ တစ်ခုခု ကြောင့် ကိုယ့်စိတ်ထဲမှာ ရှက်ရွံ့နေရတာ၊ အားနာနေရတာ၊ အပြစ်ရှိတယ်လို့ ခံစားနေရတာ မပြီးပြတ်သေးဘူးလို့ ယူဆရတာ၊ နောင်တ ရတာတွေကို စာရင်းချကြည့်ကြစမ်းပါတဲ့။

နောက်တစ်ပတ်ကျတော့ အတန်းရှေ့ထွက်ပြီး ကိုယ်ချထားသမျှ စာရင်းကို အော်ဖတ်ချင်တဲ့သူရှိရင် ထွက်ဖက်ပေးကြပါလို့ နည်းပြဆရာက ဖိတ်ခေါ်လိုက်ပါတယ်။ တကယ်တော့ ဒါက လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိကဘ၀ထဲက အကြောင်းအရာတွေ၊ ကိုယ်ရေး ကိုယ်တာတွေပါပဲ။

ဒါပေမယ့်လည်း ကျွန်တော်တို့အတန်းထဲက လူစုထဲမှာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရဲတဲ့သူတွေ အလျှိုလျှိုပေါ်လာတယ်။
သည်လိုနဲ့ တစ်ယောက်ပြီးတစ်ယောက် အော်အော်ဖတ်သွားနေတုန်းပဲ ကျွန်တော်ဘာသာ ပြုစုထားတဲ့ “အတိတ်ကြွေး” စာရင်းကလည်း ရှည်သထက်ရှည်လာပါတယ်။ သုံးပတ်တိတိကြာချိန်မှာတော့ ကျွန်တော်ရဲ့ စာရင်းထဲမယ် နှောင်းနောင်တ ဖြစ်ရပ်စာရင်းက အမှတ်စဉ် ၁၀၁ အထိတောင် ရောက်လို့လာပါတော့တယ်။

သည်အချိန်ကြတော့ နည်းပြဆရာက ကျွန်တော်တို့ကို အကြံပေးတယ်။ အဲသည့်အတိတ်တွေနဲ့ ပတ်သတ်ပြီး ပြုပြင်သင့် ပြုပြင် ပါ။ တောင်းပန်သင့်တောင်းပန်ပါ။ မှားနေတာဆိုရင်လည်း အမှန်ကိုရောက်အောင် ကိုယ့်ကိုကိုယ် ပြန်တည့်မတ်ယူသင့် ယူပါတဲ့။

သူ့နည်းက ကျွန်တော်ရဲ့ လူမှုဆက်ဆံရေးအစွမ်းအစတွေကို ဘယ်လိုများ တိုးတက်လာမှာပါလိမ့်လို့ ကျွန်တော်တနုံ့နုံ့တွေး နေမိခဲ့တယ်။ အဲသလိုတွေးနေရင်းနဲ့ပဲ ကျွန်တော်ဘ၀ထဲက လူပုဂ္ဂိုလ်အတော်များများနဲ့ ကျွန်တော်နဲ့ကစိမ်းနေသလိုကြီး ခံစားလာ ရတယ်။

နောက်တစ်ပတ်ကျတော့ ကျွန်တော်နဲ့ဘေးချင်းကပ်လျက် ထိုင်နေသူက သူ့အထုပ်သူ့ ဖြည်ပါရစေဆိုပြီး အတန်းကို အခုလိုပြောပြပါတော့တယ်။

ကျွန်တော်ရဲ့စာရင်းကို ပြုစုနေတုန်းမှာပဲ အထက်တန်းကျောင်းသားဘ၀က အဖြစ်အပျက်ကို ပြန်သတိရသွားတယ်ဗျ။

ကျွန်တော်ဟာ အိုင်ဝိုဝါပြည်နယ်က မြို့လေးတစ်မြို့မှာ လူလားမြောက်ခဲ့တာပါ။ မြို့မှာက ကျွန်တော်တို့လို လူငယ်လူရွယ်တွေအတွက် အင်မတန်မုန်းစရာ ကောင်းလှတဲ့ရဲသားကြီးတစ်ယောက် ရှိတယ်။ အဲသည့်ရဲကြီးနာမည်က ဦးညိုတဲ့။

တစ်ညကျတော့ ကျွန်တော်နဲ့ သူငယ်ချင်းနှစ်ယောက် တိုင်ပင်ကြတယ်။ ရဲကြီးဦးညိုကို ဒုက္ခပေးဖို့ပေါ့။ ဒါနဲ့ဘီယာသုံးလေးခွက် သောက်ပြီး ရဲဆေးတင်၊ ပြီးတော့ ဆေးနီတစ်ဘူးရှာ၊ ပြီးတော့ မြို့လယ်ကောင်မှာရှိတဲ့ ရေစင်ကြီးပေါ်မှာတက်တဲ့ပြီး အနီရောင်တောက် တောက်နဲ့ ရေတိုင်ကီပေါ်မှာ ရေးချလိုက်တယ်။ ရဲသားလုပ်တဲ့ ဦညိုဟာ မိန်းမရွှင်က မွေးတာပါ လို့။
နောက်တစ်ရက် မနက်လည်းကျရော ကျွန်တော်တို့ရေးသားထားတာကို တစ်မြို့လုံးမြင်ကြပြီး အုတ်အော်သောင်းသောင်း ဖြစ်ကုန်တော့တာပဲပေါ့။
နောက်နှစ်နာရိလောက်နေတော့ ကျွန်တော်တို့သုံးယောက်လည်း ရဲကြီးဦးညိုရဲ့ ရုံးခန်းထဲ ရောက်သွားတော့တယ်။ ကျွန်တော့်သူငယ်ချင်းနှစ်ယောက်က အဲသည်စာတန်းကိုရေးခဲ့ပါတယ်လို့ ၀န်ခံကြပေမယ့် ကျွန်တော်ကတော့ ဖြောင့်ကွယ် ကွယ်လိုက်တယ်။ လိမ်လိုက်တယ်။ သူငယ်ချင်းနှစ်ယောက်က ၀န်ခံနေမှတော့ ကျွန်တော်ကိုလည်း ဘယ်သူမှ မသင်္ကာမဖြစ်တော့ဘူးပေါ့ဗျာ။

အဲသည်ကနေ နှစ်ပေါင်း ၂၇ နှစ်ကြာတဲ့ ကနေ့အချိန်ထိ ရဲကြီးဦးညိုရဲ့နာမည်ဟာ ကျွန်တော်ရဲ့စာရင်းထဲမှာ ထင်းထင်းကြီးကြီး ရှိနေတုန်းပဲဗျ။ ကျွန်တော်လည်း လူကြီးဖြစ်လာခဲ့ပြီ။ ဦးညိုတစ်ယောက်လည်း ကနေ့ထက်တိုင် သက်ရှိထင်ရှား ရှိမှရှိပါ့ဦးမလားမသိလို့ ကျွန်တော်တွေးနေမိတဲ့အခါ စိတ်ထဲမှာနေလို့မကောင်းချင်တော့ဘူးဗျ။

ဒါနဲ့ စနေနေ့ကတော့ဗျာ ကျွန်တော်လည်း အိုင်အိုဝါပြည်နယ်က ဇာတိမြို့ကို လှမ်းဖုန်းဆက်ပြီး တယ်လီဖုန်းစုံစမ်းရေးဌာနကို လှမ်းမေးမိသွားရပါတယ်။
ကံကောင်းချင်တော့ ဦးညိုရဲ့နာမည်က တယ်လီဖုန်းစာအုပ်ထဲမှာ ရှိနေတယ်။ ဒါနဲ့ သူ့ဖုန်းနံပါတ်ကို တောင်းပြီးချက်ချင်းပဲ ဦးညိုဆီ ဆက်လိုက်ပါတယ်။

လေးငါးချက်မြည်ပြီးတော့ ဟယ်လို ဆိုတဲ့ ထူးသံ ကြား၇တယ်ဗျ။ ရဲကြီးဦးညိုပါလားချင်ဗျာ လို့ကျွန်တော်ကမေးလိုက်တော့ တစ်ဖက်က တစ်အောင့်လောက်တိတ်သွားတယ်။ ပြီးတော့မှ ဟုတ်ပါ့ဗျား လို့ပြန်ဖြေတယ်။
သြော်..ကျွန်တော် ဂျင်မီကိုကိုပါ။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်တုန်းက မြို့လယ်ကောင်ရေစင်ပေါ်က စာကို တက်ရေးခဲ့ တဲ့အထဲမှာ ကျွန်တော်ပါတယ်ဆိုတာ ၀န်ခံချင်လို့ ဖုန်းဆက်လိုက်တာပါခင်ဗျ။ လို့ပြောလိုက်မိရပါတယ်။
အဲသည့်ကတည်းက မင်းပါမှန်း ငါသိတယ်ကွ လို့ ဦးညိုက ကျွန်တော်ကို ပြန်အော်ပါတယ်။ သူ့စကားလည်းဆုံးရော ကျွန်တော်တို့နှစ်ယောက်လည်း အားပါးတရ ရယ်လိုက်မိကြတယ်။ နောက်တော့ ရှေးဟောင်းနှောင်းဖြစ်တွေကို နှစ်ယောက်သား အတော်ကြာကြာ ပြောဖြစ်သွားတယ်။

ဖုန်းချခါနီးကျတော့မှ ဦးညိုက ကျွန်တော်ကိုပြောတယ်။
ဂျင်မီရေ မင်းအတွက် ငါ တော်တော် စိတ်မကောင်းဖြစ်နေခဲ့တာကွာ။ မင်းသူငယ်ချင်းတေါကတော့ သူတို့အပြစ်သူတို့ အစောကြီးကတည်းက ၀န်ခံခဲ့ကြတာမို့ သူတို့ ရင်ထဲမှာ ပေါ့နေ၊ ရှင်းနေမှာ သေချာတယ်။ မင်းကျတော့ ၀န်မခံသူဖြစ်နေတော့ကာ မင်းမှာ တစ်သက်လုံး တအုံနွေးနွေးနဲ့ဖြစ်နေတော့မှာ။ မင်းလိပ်ပြာက မင်းကို တစ်ရံမလပ် ခြောက်လှန့်နေတော့မှာကို တွေးမိပြီး ငါတော်တော် စိတ်မကောင်းဖြစ်နေတာကွ ဟေ့ကောင်။ အေး …အခုလို ဖုန်းဆက်ပြီး မင်းအပြစ် မင်းဝန်ခံတာကို ငါတကယ် ကျေးဇူး တင်တယ်ကွာ။ ကျေးဇူးတင်တယ်ဆိုတာကလည်း ငါ့အတွက်မဟုတ်ပါဘူး။ မင်းအတွက်ပါပဲ ဂျင်မီရေ တဲ့။
ဂျင်မီ အဖြစ်ဟာ ကျွန်တော်စာရင်းထဲက နောင်တ ၁၀၁မယ်ကို ရှင်းထုတ်နိုင်အောင် နိုးဆော်ပေးလိုက်ပါတော့တယ်။ အဲသည့်နောင်တ မျိုးကို ရှင်းထုတ်ဖို့ နှစ်နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ ယခုအခါမှာတော့ အတိတ်ကြွေးတွေ အကုန်ရှင်းပြီးသား ဖြစ်သလို ပဋိပက္ခတွေကို ကြားဝင်ဖြေရှင်းပေးသူကောင်း တစ်ယောက်ဘ၀ကိုလည်း ကျွန်တော်ေ၇ာက်လာခဲ့ပါပြီ။
ပဋိပက္ခ တွေ ဘယ်လောက်ပဲကြီးကြီး၊ အခြေအနေ ဘယ်လောက်ပဲဆိုးဆိုး၊ ပြဿနာ ဘယ်လောက်ပဲတက်တက်၊ အတိတ်ကို သင်ပုန်းချေပြီး ကျေအေးတဲ့ အလုပ်ဟာ ဘယ်တော့မှနောက်မကျဘူး ဆိုတဲ့အချက်ကို ဂျင်မီက ကျွန်တော့်ကို ထောက်ပြနိုင်ခဲ့ပါသော်ကောခင်ဗျား။။။။။။။

ရောဂါကြောင့် မဟုတ်ဘဲ အိပ်မပျော် ဖြစ်နေသလား

အိပ်မပျော်ရောဂါ ဝေဒနာ တစ်ခုခု ကို ခံစားနေ ရတဲ့ အခါမှာ ကျွန်မတို့ တစ်တွေ ဟာ အိပ် မပျော်နိုင် တာမျိုး ဖြစ်နေတတ်ကြပါ တယ်။ ဒါပေမဲ့ ရောဂါဝေဒနာတစ်ခုကို မှ မခံစားရဘဲလည်း တစ်ခါတစ်ရံမှာ အ တွေးတွေ များတာ၊ ပူပင်သောက များ တာ၊ စိုးရိမ်နေတာစတဲ့ အကြောင်းတွေ ကြောင့် အိပ်မပျော်တတ်ကြပါဘူး။ အဲဒီ အခါ နောက်တစ်နေ့မှာ အာရုံ စူးစိုက် မှုနည်းတာ၊ မှတ်ဥာဏ်အားနည်းတာ၊ လုပ်ကိုင်နိုင်စွမ်း ကျဆင်းတာစတဲ့ အ ခက်အခဲတွေ ဖြစ်လာတတ်ပါတယ်။ ဒီ လိုမဖြစ်စေဖို့အတွက် ည ည နှစ်နှစ်ခြိုက် ခြိုက် အိပ်မောကျနိုင်အောင် အောက် ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။

(၁) အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန် မှန်ကန်မှု ရှိပါစေ

အများသူငါ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေ နေ့တွေပါမကျန် နေ့ရက်တိုင်းမှာ အချိန် မှန် အိပ်၊ အချိန်မှန်ထတဲ့ အကျင့်ကို လုပ် ပေးပါ။ ဒီအကျင့်ကြောင့် နှစ်နှစ်ခြိုက် ခြိုက် အိပ်မောကျစေနိုင်ပါတယ်။

(၂) အိပ်ပျော်ရန် အတင်းမကြိုးစားပါနှင့်

မအိပ်လို့ မဖြစ်ဘူးဆိုတဲ့ အတွေးကို တွေးပြီး ဇွတ်အတင်း ကြိတ်မှိတ်အိပ်ဖို့ မကြိုးစားပါနဲ့။ အဲဒီလို ကြိုးစားလေလေ ဖိအားများပြီး အိပ်ပျော်ဖို့ ခက်ခဲလေလေ ဖြစ်တတ်ပါတယ်။

(၃) အိပ်ရာဝင်ချိန်တွင် ခန္ဓာကိုယ်ကို အကြောဖြေလျှော့ပါ

အိပ်ရာထဲ ဝင်ပြီးတာနဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကနေ အောက်ပိုင်းအထိ အ စိတ်အပိုင်းတစ်ခုချင်းစီကို အကြောတင်း လိုက်၊ ပြန်ဖြေလျှော့လိုက် လုပ်ပေးပါ။ ခန္ဓာကိုယ် အနားရပြီး အပန်းပြေသွားပါ လိမ့်မယ်။

(၄) အိပ်ရာထဲတွင် ရန်မဖြစ်ပါနှင့်

အထူးသဖြင့် အိမ်ထောင်ဖက်နဲ့ အိပ်ရာထဲ ရောက်တဲ့အထိ စကားများ တာ၊ ရန်ဖြစ်တာ၊ ပြဿနာဖြစ်တာမျိုး ရှောင်ပါ။ တစ်ညလုံး စိတ်ပင်ပန်းကာ အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။

(၅) အိပ်ရာဝင်ခါနီး အောက်ပါတို့ကို လိုက်နာပါ

အိပ်ရာဝင်ခါနီးအချိန်မှာ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ အရက်၊ ဆေး လိပ်စတာတွေကို မသောက်ပါနဲ့။ ဗိုက် ဆာရင် နွားနို့၊ ငှက်ပျောသီးစတာတွေ စားပေးပါ။ ထရစ်ပတိုဖန်ဓာတ်ပါဝင်တာ ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ စေပါတယ်။ အိပ်ရာဝင်ခါနီး သုံးနာရီအ လိုမှာ လေ့ကျင့်ခန်း မလုပ်ပါနဲ့။ သီချင်း နားထောင်တာ၊ စာဖတ်တာ၊ ဘုရားစာ ရွတ်တာ၊ တရားမှတ်တာတို့ လုပ်ပြီး စိတ် အေးအေးထားကာ အိပ်ရာဝင်ပါ။

Source by :http://www.yoyarlay.com/

Web Site မိတ်ဆက်


မြန်မာစာမြန်မာစကားဆိုဒ်လေးပါ။
ရှေးစကားပုံအဆိုအမိန့်များ၊ လူမိုက် လူတော် ပညာရှိအကြောင်းအရာများ၊ မြန်မာစာအရေးအသားပြဿနာများ၊
ဗမာ့ပုံရိပ်ဗမာ့ရုပ်လွှာကဏ္ဍအကြောင်း၊ မြန်မာကနုတ်ပန်းများအကြောင်းနှင့် မြန်မာစာတက္ကသိုလ် အကြောင်း စတဲ့ စာအုပ်များကို အပြည့်အစုံဖော်ပြထားပါတယ်။

သွားရောက်လေ့လာချင်တယ်ဆိုရင်... ဒီနေရာ မှာ လေ့လာနိုင်ပါတယ်။

Sunday, August 12, 2012

လူတွေကို သူတို့လိုချင်တဲ့ရလာဒ်တွေ မရအောင် ဘယ်ဟာက တားဆီးနေတာလဲ?


အဲဒီအရာတွေထဲကတစ်ခုကတော့ မိမိကိုယ်တိုင် တည်ဆောက်ထားတဲ့ အတားအဆီးတစ်ခုပါပဲ။ အဲဒါက ဘာလဲဆိုတော့ အများကြီးတွေးခြင်း ပဲ ဖြစ်ပါတယ်။

တကယ်တော့ ကိစ္စတွေပြီးမြောက်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ရိုးရှင်းပါတယ်။ တွေးနေတာတွေကိုရပ်ပြီး လက်တွေ့ စလုပ်ဖို့ပါပဲ။

အများကြီးတွေးခြင်းဟာ လူတွေကို အောင်မြင်ရေး တက်ကျမ်းစာအုပ်တွေဆီ ဆွဲခေါ်နေတဲ့ ပြဿနာတစ်ခု ဖြစ်နိုင်ပါတယ်။ ပြီးတော့ အဲဒီ တက်ကျမ်းစာအုပ်တွေဆီကနေ အသုံးဝင်တဲ့ အကြံဥာဏ်တွေရပြီးသော်ငြား သူတို့ရဲ့ ရည်မှန်းချက်တွေ မအောင်မမြင်ဖြစ်နေရတဲ့ အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အောင်မြင်ရေး တက်ကျမ်းစာအုပ် ငါးအုပ်လောက်ဖတ်ပြီးပြီဆိုရင် သင် တွေးတယ်၊ အစီအစဉ်တွေဆွဲတယ်၊ ပြီးတော့ ထပ်တွေးတယ်။ နောက်ဆုံးတော့ သင်ဟာ အတွေးတွေထဲမှာ လမ်းပျောက်သွားတယ်။ ပြီးတော့ အောင်မြင်ရေးစာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ် ဖတ်နေခြင်းဟာ ပညာသားပါပါ အချိန်ဆွဲခြင်း တစ်မျိုးပါပဲ။

အခု ကျနော်ပြောနေတာက အဲဒီလိုစာအုပ်တွေဖတ်ခြင်းဟာ၊ ဒါမှမဟုတ် တွေးခြင်းဟာ မကောင်းတဲ့အရာတစ်ခုဖြစ်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါတွေ အရမ်းများသွားရင်လည်း အလုပ်မဖြစ်တော့ပါဘူး။

ဒီတော့ အများကြီးတွေးတာကို ဘာကြောင့်ရပ်သင့်တယ်ဆိုတဲ့ ကောင်းမွန်တဲ့ အကြောင်းအချက် (၃)ခုရှိပါတယ်။

၁။ တွေးခြင်းဟာ လက်တွေ့လုပ်ဆောင်ခြင်းကို အစားမထိုးနိုင်ပါ။

အများကြီးတွေးတဲ့အခါ ဆန္ဒတစ်ခုတော့ ရှိလိမ့်မယ်လို့ ကျနော်ထင်တယ်။ တွေးတာဟာ လက်တွေ့လုပ်ခြင်းကို တစ်နည်းနည်းနဲ့ အစားထိုးနိုင်လိမ့်မယ်ဆိုတဲ့ ဆန္ဒပေါ့။ လွယ်ကူတဲ့နည်းလမ်းတစ်ခုကိုတွေ့ပြီး သင်လိုချင်တဲ့အရာကို အမှန်တကယ် မလုပ်ဆောင်ပဲ ရနိုင်ကောင်းရဲ့ဆိုတဲ့ ဆန္ဒမျိုးပေါ့။

လက်တွေ့မလုပ်ဆောင်ဘူးဆိုရင်တော့၊ အခြေအနေအများစုမှာ သင်ဟာ သင်လိုချင်တာကို မရတတ်ပါဘူး။ တွေးခြင်းဟာ ဘာမှန်းမသိတဲ့အရာတစ်ခုထဲကို ပြုတ်ကျသွားသလိုပဲ ကြောက်စရာလည်းကောင်း၊ ဘာဖြစ်မယ်ဆိုတာလည်း မသေချာပါဘူး။

ဒီတော့ အဲဒါဟာ လက်တွေ့လုပ်ဆောင်ခြင်းတွေကနေ ရှောင်ပုန်းရာနေရာတစ်ခု ဖြစ်လာပါတော့တယ်။ ပြီးတော့ တွေးခြင်းဟာ ဘယ်လိုအကျိုးရှိတယ်ဆိုတာ သင့်ကိုယ်သင် အကြောင်းပြချက်တွေ ပေးပါတော့တယ်။

၂။ သင်ဟာ ကိစ္စတွေကို ပိုမိုရှုပ်ထွေးသွားစေနိုင်ပါတယ်

ကိစ္စတွေဟာ ခက်ခဲသလား၊ ရှုပ်ထွေးသလား။ ဟုတ်ပါတယ်၊ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို ပိုပြီး ခက်ခဲအောင်လုပ်နေတာ သင်ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာကိုလည်း သင်စဉ်းစားချင်ပါလိမ့်မယ်။

အများကြီးတွေးခြင်းဟာ ကိစ္စတွေကို သင့်ရဲ့စိတ်ထဲမှာ ပိုပိုပြီး ရှုပ်ထွေးလာစေပါတယ်။ အတော်အသင့်ရိုးရှင်းနေတဲ့ကိစ္စတစ်ခုကို အရှုပ်အထွေးကြီးတစ်ခုဖြစ်သွားအောင် ပြောင်းလဲပစ်နိုင်တယ်။ ပြီးတော့ နည်းနည်းလေး ဇွဲခတ်ပြီး လုပ်လိုက်ရင် ဖြစ်နိုင်တဲ့အရာတစ်ခုကို တစ်လက်မပြီး တစ်လက်မ နာကျင်စွာနဲ့ ရှေ့တိုးနေရတဲ့ တိုက်ပွဲကြီးတစ်ခုလို ဖြစ်သွားစေနိုင်ပါတယ်။

ပြဿနာကဘာလဲဆိုတော့ သင်ဟာ ကိစ္စတစ်ခုကို ပိုပြီးရှုပ်ထွေးအောင် ခက်ခဲအောင် လုပ်လိုက်တဲ့အခါ အဲဒီကိစ္စဟာ အရေးကြီးတယ်လို့ သင် ထင်လာမယ်။ ပြီးတော့ အဲဒါဟာ အမှန်တကယ်အရေးကြီးတယ်လို့ ခံစားလာရပါလိမ့်မယ်။

၃။ သင့်ရဲ့ လုပ်ဆောင်မှုတွေဟာ ပိုဆိုးလာပါတယ်

သင်ဟာ အများကြီးတွေးတဲ့အခါ အဲဒါတွေဟာ ပိုပြီး ရှုပ်ထွေးသွားတယ်။ ဒီတော့ သင်ဟာ ကြောက်လာပြီး၊ တစ်ခုခုကို စလုပ်ဖြစ်ဖို့ တွန့်ဆုတ်နေလိမ်မယ်။ တစ်ခုခုနဲ့ပတ်သက်လို့ အများကြီးတွေးနေတဲ့အခါ လုပ်စရာရှိတာကို လုပ်ဖြစ်ဖို့ ပိုပြီးခက်ခဲပါတယ်။ သင်အခုလက်ရှိလုပ်နေတဲ့အရာတွေအပေါ် အာရုံစိုက်ရမယ့်အစား ပိုပြီးကောင်းတဲ့ အနာဂတ်ဇာတ်လမ်းတွေကို စိတ်ကူးယဉ်မိတာမျိုးလည်း မကြာခဏဖြစ်နိုင်ပါလိမ့်မယ်။

ဒါက သင့်ရဲ့ လုပ်ဆောင်ချက်တွေကို ပိုဆိုးစေပါတယ်။ ရလာဒ်တွေကိုလည်း ဖြစ်သင့်တာထက် ပိုပြီးဆိုးစေပါလိမ့်မယ်။

အများကြီးတွေးနေတာကို ဘယ်လိုရပ်မလဲ?

ကျနော်ဟာ အရင်က အလွန်အကျွံတွေးခဲ့သူတစ်ယောက်ပါ။ အခုထိလည်း ဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် တဖြည်းဖြည်းချင်းတော့ တိုးတက်လာပါပြီ။ ကျနော်အလွန်အကျွံ မတွေးမိစေဖို့အတွက် အလေ့အကျင့်လေး ၃ ခု လုပ်လေ့ရှိပါတယ်။

ပြဿနာကို အာရုံစိုက်ပါ

အရေးအကြီးဆုံးကတော့ သင်ဟာ အတွေးလွန်တော့မယ်ဆိုတာကို သတိထားမိဖို့ပါပဲ။ ပြီးတော့ အဲဒါကို နေ့စဉ်ဘ၀မှာ သတိရှိနေဖို့လိုပါတယ်။ ဒီတော့ ..ဥပမာ သင်ဟာ စာလေးတွေ ရေးပြီး ကပ်ထားနိုင်ပါတယ်၊ ” အလွန်အကျွံ မတွေးနဲ့၊ လက်တွေ့လုပ်ဆောင်” ဆိုတဲ့ စာသားမျိုး။

အဲဒါကို သတိရှိနေမယ်ဆိုရင် သင်ဟာ သင်လက်ရှိလုပ်နေတဲ့အရာအပေါ် အာရုံစိုက်နိုင်မယ်၊ အတွေးလွန်နေတာတွေကို ရပ်နိုင်မယ်၊ ပြီးတော့ အကျိုးရှိမယ့် တစ်စုံတစ်ခုကို လုပ်နိုင်မယ်။ အများဖြင့်တော့ အတွေးစက်ကွင်းထဲကနေ ခုန်ထွက်ပြီး နာရီဝက် တစ်နာရီလောက် အဲဒီအထဲကို ပြန်မရောက်အောင်နေဖို့ဆိုတာ ပိုပြီး လွယ်ကူပါတယ်။

ဆုံးဖြတ်ချက်တွေအတွက် အချိန်ကန့်သတ်

အကြောင်းအရာတစ်ခုခုကို ရက်ပေါင်းများစွာ တွေးမယ့်အစား၊ သင့်ကိုသင်ပြောပါ.. ဥပမာ..သင်ဟာ တွေးဖို့၊ စဉ်းစားဖို့အတွက် မိနစ် ၃၀ ပဲ အချိန်ယူမယ် – ဆိုတာမျိုး။ အဲဒီနောက် သင် ဆုံးဖြတ်ချက်တစ်ခုကို ချပါ။

လက်ရှိအချိန်မှာ နေထိုင်ပါ

အတိတ်ကို တွေးနေမယ့်အစား ဒါမှမဟုတ် အချိန်ပေါင်းများစွာကြာမယ့် မနက်ဖြန်နယ်မြေထဲကို ပျံသန်းသွားမယ့်အစား သင့်ရှေ့မှာ ရှိနေတဲ့အရာကို အာရုံစိုက်ပါ။ ဥပမာ- တင်းနစ်ကစားသမားတစ်ယောက်ဟာ ကစားနေတဲ့အချိန်မှာ အများကြီး မတွေးဘူး။ သူဟာ သူ့ရဲ့ မသိစိတ်ကို ယုံကြည်တယ်။ အတော်ကြာအောင် လေ့ကျင့်လိုက်တဲ့အခါ သူ့ရဲ့ ခန္ဓာကိုယ်ဟာလည်း ဘယ်လိုအခြေအနေမျိုးမှာ ဘာလုပ်ရမယ်ဆိုတာ အလိုလိုသိသွားပါတယ်။

သင့်ရဲ့ နေ့စဉ်ဘ၀မှာလည်း အဲဒီလိုပါပဲ။ သင်ဟာ အရာတိုင်းနဲ့ပတ်သက်လို့ အများကြီးတွေးနေဖို့မလိုပါဘူး။ လက်ရှိအချိန်မှာပဲ နေထိုင်နိုင်ပါတယ်၊ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေ သဘ၀အလျောက် ထွက်ပေါ်လာပါစေ။

ဒါက နည်းနည်း အူကြောင်ကြောင်နိုင်တယ်လို့ ထင်ပါသလား။ ဒါပေမယ့် သင်ဟာ အများကြီးတွေးနေမယ့်အစား လက်ရှိအချိန်မှာရှိနေတဲ့အရာတွေကို လုပ်ဆောင်တဲ့အခါ ရလာဒ်တွေဟာ ပိုပြီးကောင်းလာတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ သင့်ကို ဘာမှ မလှုပ်ရှားနိုင်အောင်လုပ်နေတဲ့ အများကြီးတွေးနေတာတွေကို ထွက်သွားခွင့်ပြုလိုက်ပါ။ သင့်ရဲ့ စွမ်းရည်တွေအပေါ် ယုံကြည်ပါ။

Ref: 3 Good Reasons to Stop Thinking So Much, And How to Do It by Henrik Edberg