လူ့ဘ၀သည် ရတောင့်ရခဲ့သော ဘ၀ဖြစ်သည်ဟူသော ယုံကြည်မှုမှာ ဗုဒ္ဓဘာသာဝင်တို့ ခံယူထားသော ယုံကြည်မှုတစ်ခုဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့ ခံယူလက်ခံထားသော ယုံကြည်မှုတစ်ခုဖြစ်သည်။ သတ္တ၀ါတို့၏ ဖြစ်ခြင်းတွင် လူအဖြစ်သည်သာ အမြင့်ဆုံး အမြတ်ဆုံးဟု ယူဆထားကြသည်။ သဗ္ဗညုတဥာဏ်ကို ရသော ဘုရားအဖြစ် ဆုပန်နိုင်သူ၊ ဘုရားအဖြစ်ကို ရနိုင်သူမှာ လူသာဖြစ်သည်ဟူ သော အဆိုအရလည်း လူ့ဘ၀၏ မြင့်မြတ်ပုံကို အလေးတင်ထားပေးသည်။
တစ်ဖန် လူ့ဘ၀ဟူသည် အလွန်တိုတောင်းသော ကာလကလေးသာဖြစ်သည်။ "ရေပွက်ပမာ တစ်သက်လျာ"သူသည့်အတိုင်း တစ်ခဏမျှ သာဖြစ်သည်။ သံသရာအဆက်ဆက်နှင့် နှိုင်းယှဉ်လျှင်သော်လည်းကောင်း၊ စကြ၀ဠာကြီးနှင့် နှိုင်းယှဉ်လျှင်သော်လည်းကောင်း မပြောပလောက်သော တဒင်္ဂကလေးမျှသာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း တိုတောင်းသောဘ၀၊ ကြီးမြတ်သောဘ၀ ဖြစ်သည့် လူ့ဘ၀ကို တန်ဖိုးရှိစွာ ရှင်သန်ကုန်လွန်ရေးကို အလေးထားကြပါ၏ လော။ လူ့ဘ၀အဖြစ်ကို ရသည့်အခိုက်အတန့်ကလေး၌ တန်ဖိုးရှိသောဘ၀ဖြစ်အောင် ကျင့်ကြံနေထိုင်သူများပါ၏လော။ မျက်မှောက်ပြုနေ ရသော လောက၀န်းကျင်ကို လေ့လာလျှင် သိမြင်နိုင်ပါလိမ့်မည်။ မိမိကိုမိမိ ပြန်လည်ဆန်းစစ်လျှင်လည်း မြင်သာပါလိမ့်မည်။
ကမ္ဘာမျက်မှောက်ရေးရာတို့ကို လေ့လာလိုက်သည့်အခါလည်း လူတို့၏ မဆင်မခြင် ပြုမူပြောဆိုမှုများ၊ မစောင့်စည်းနိုင်မှုများကြောင့် ပြဿနာအဖုံဖုံ ကြုံနေရသည်ကို တွေ့ကြရလိမ့်မည်။
အပြိုင်အဆိုင်သဘော၊ မာန်မာနထောင်လွှားမှုသဘော၊ လူ့အဖြစ်၏ကြီးမြတ်မှုကို လျစ်လျူရူသော သဘောတို့ ယနေ့ကမ္ဘာကြီးတွင် လွှမ်းမိုးနေသည်ကို တွေ့ရမြင်ရ၊ ကြားသိနေရသည်သာ ဖြစ်လေသည်။
"ကျွန်ုပ်အကြို့က်ဆုံး ကောက်နှုတ်ချက်ကလေးမှာ ဒစ္စရေလီရေးခဲ့သည့် "ဘ၀သည် သေးသိမ်နေချိန်ပင် မရလောက်အောင် တိုတောင်းလှပါသည်။ " ဆိုသော စာကြောင်းကလေးဖြစ်သည်။ ကျွန်ုပ်တို့သည် ရံဖန်ရံခါပင် အလေးမထားမေ့ပျောက်ပစ်သင့်သော အသေး အဖွဲ့ကိစ္စကလေးများကြောင့် စိတ်အနှောက်အယှက် ဖြစ်တတ်ကြပါသည်။ တစ်စုံတစ်ယောက်က ကျေးဇူးကန်း၍ မိတ်ဆွေဟုထင်ထားသူက ကိုယ့်ကွယ်ရာတွင် ကိုယ့်အကြောင်း မကောင်းပြော၍ ရထိုက်သည်ဟု ထင်ထားသော ဆုလာဒ်ကို မရ၍ စသည့်အကြောင်းကလေးများကို အကြီးအကျယ်စိတ်ထိခိုက်ခံစားမိကြ၍ စားမ၀င်အိပ်မပျော်ဖြစ်တတ်ကြသည်။ ဤအဖြစ်သည် ဂွမကျပေ သလော။ ကျွန်ုပ်တို့ ဤကမ္ဘာကြီးပေါ်သို့ ရောက်လာကြသည်မှာ ဆယ်စုနှစ်အနည်းငယ်မျှ အသက်ရှင်နေထိုင်ရန်သာဖြစ်သည်။ သို့ပါလျက် အစားပြန်မရနိုင်သော အချိန်များစွာကို တစ်နှစ်မျှသော ကာလအတွင်း ကျွန်ုပ်တို့ကိုယ်တိုင်သော်လည်းကောင်း၊ အခြားလူတိုင်းကလည်းကောင်း မေ့ပျောက်သွားမည်ဖြစ်သည့် စိတ်ဆင်းရဲစရာလေးများအပေါ် အချိန်ဖြုန်းနေကြသည်။ ဤသို့ မဖြစ်သင့်ပါ။ ကျွန်ုပ်တို့သည် နေရသမျှကာလတွင် ဘ၀ကိုတန်ဖိုးရှိသည့် လုပ်ဆောင်မှုများ၊ ခံစားမှုများ၊ အတွေးအခေါ်ကြီးများ၊ စစ်မှန်သည့် မေတ္တာတရားနှင့် အားထုတ်ကြိုးပမ်းမှုများတွင် စူးစိုက်သင့်လှပါသည်။ ဘ၀သည် သေးသိမ်နေချိန်ပင် မရလောက်အောင် တိုတောင်းလှသောကြောင့် ဖြစ်ပါသည်။" ဟူသောပြင်သစ်စာရေးဆရာကြီး အင်ဒရေမောရွား၏ အဆိုအမိန့်သည် တိုတောင်းသော ဘ၀ကို မြင့်မြတ်သောဘ၀အဖြစ် အသက်ရှင်နေထိုင်ရေးအတွက် အကောင်းဆုံးလမ်းညွှန်ပင်ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသတည်း။ ။
No comments:
Post a Comment