လူ့ဘ၀ရပ်တည်ရှင်သန်နေရခြင်းသည် ပြဿနာများကို ဖြေရှင်းနေရခြင်းပင် ဖြစ်သည်ဟူသော အဆိုရှိ၏၊ စားဝတ်နေမှုပြဿနာ၊ ယုံကြည် ချက်၊ ခံယူချက်ပြဿနာစသည်ဖြင့် ရင်ဆိုင်ဖြေရှင်းနေရသည်မှာလည်း အမှန်ပင်ဖြစ်၏၊ အတိုင်းအတာကွာခြားမှုဖြစ်သော်လည်း လူမှန်လျှင် ဘ၀ပြဿနာကို ရင်ဆိုင်ဖြေရှင်းရမြဲဖြစ်၏၊
ပြဿနာကို ဖြေရှင်းကြရာတွင် မှန်ကန်သော နည်းဖြင့်ဖြေရှင်းသူတို့ရှိသကဲ့သို့ မမှန်မကန်နည်းလမ်းများဖြင့် ဖြေရှင်းသူတို့လည်းရှိသည်။ "ဟိုကွေ့ ဟိုတက်နှင့်လှော်၊ သည်ကွေ့ သည်တက်နှင့်လှော်" ဟူသောဆိုရိုးစကားအတိုင်း ဖြေရှင်းသူတို့လည်းရှိသည်။ ကြုံလာသည် ပြဿနာကို ကြုံလာသည့်အလျှောက် ဖြေရှင်းသည့် နည်းဖြစ်သည်။
ကြုံသလို ဖြေရှင်းသည်ဆိုရာတွင်လည်း သဘောထားမှန်ကန်မှု၊ မမှန်ကန်မှုအပေါ်တွင် မူတည်သည်။ သဘောထားမမှန်ကန်လျှင်မူ မရိုးသား မှုပါလာမည် မုချပင်၊ သဘောထားမှန်ကန်လျှင်မူ မိမိ၏ ရပ်တည်ချက်ကိုလည်း မထိခိုက်၊ သူတစ်ပါးကိုလည်း မထိခိုက်သော ဖြေရှင်းနည်းဖြစ်နိုင်၏ ။
ကွယ်လွန်သူအမေရိကန်လူမျိုး လူမည်းဂီတပညာရှင်ကြီး ဂျူအယ်လင်တန်၏ အတွေ့အကြုံကလေးတစ်ခုမှာ မှတ်သားဖွယ်ရာကောင်း၏ ။ တစ်ခါက နယူးယောက်မြို့ ပွဲတော်တစ်ခုတွင် သူ့တီးဝိုင်းဖြင့် ဖျော်ဖြေနေစဉ် စက်သံအလွန်မြည်သည့် လေယာဉ်ငယ်လေး တစ်စင်းက ပွဲတော်ကျင်းပရာပေါ်သို့ ခပ်နိမ့်နိမ့်ဝဲပျံနေသည်။ လေယာဉ်စက်သံမှာ ဂီတသံနှင့်အပြိုင်ဖြစ်နေ၏ ၊ ဤတွင် ဂျူအယ်လင်တန်က သူ့တီးဝိုင်း တွင် တီးမှုတ်လက်စတေးများကို သံစဉ်မြှင့်၍ လေယာဉ်သံနှင့်လိုက်ဖက်အောင် ပြောင်း၍ တီးမှုတ်စေသည်။ ဖျော်ဖြေမှုပြီးဆုံးသောအခါ ပရိတ်သတ်ထဲမှ တစ်ဦးက ဂျုအယ်လင်တန်ကို လာရောက်ချီးကျူးသည်။ တီးဝိုင်းကို ဦးဆောင်ညွှန်ကြားပုံအလွန်တော်ကြောင်းနှင့် လေယာဉ်ကို အချိန်ကိုက်၍ အပေါ်မှ ပျံဝဲအောင် ချိန်ကိုက်ထားသည်မှာ အံ့သြဖွယ်ကောင်းကြောင်းတို့ကို ပြောရာ ဂျုအယ်လင်တန်က " ကျုပ်တို့က ကျုပ်တို့ကိုယ်ကို ကျုပ်တို့ရှေးဦးကျောက်ခေတ်လူသားလို့ ခံယူထားတာဗျ၊ ကျုပ်တို့လက်လှမ်းမီတဲ့ ပစ္စည်းကို အသုံးချ လိုက်တာပဲ" ပြန်ပြောခဲ့သည်ဆို၏ ၊
ဤအဖြစ်အပျက်လေးကို သုံးသပ်သော် ဂီတပညာရှင်ကြီး ဂျူအယ်လင်တန်၏ ပြဿနာဖြေရှင်းနည်းမှာ မိမိ၏ဂုဏ်၊ မိမိပညာ၏ ဂုဏ်ကို မကျဆင်းစေဘဲ ကြုံလာသည့်ပြဿနာကို အကောင်းဆုံးဖြေရှင်းလိုက်ခြင်းပင်ဖြစ်သည်။ မိမိ၏ အနုပညာခံယူချက်ကို မထိပါးစေဘဲ ဖြေရှင်း လိုက်ခြင်းလည်းဖြစ်သည်။
အလားတူစွာပင် စိတ်ဓာတ်ကြံ့ခိုင်သူတို့သည် ပြဿနာကို ဖြေရှင်းကြရာတွင် မှန်ကန်သော နည်းလမ်း၊ ကောင်းမွန်သော ဦးတည်ချက်တို့ ဖြင့်သာ ဖြေရှင်းကြလေ့ရှိသည်။ စိတ်ဓာတ်ပျော့ညံ့သူ၊ ခံယူချက်မခိုင်မာသူ လူမျိုးတို့ကမူ ကြုံလာသည့်ပြဿနာကို ဖြေရှင်းရာတွင် မမှန် မကန် မရိုးမသား ဖြေရှင်းတတ်ကြသည်။ မူလကတည်းက မခိုင်မာသူများဖြစ်၍ ဖျတ်ခနဲ၊ ဖျတ်ခနဲ ပြောင်းရန်လည်း ၀န်မလေးကြသူများ ဖြစ်၏ ။
ဤသို့မူမမှန်သူတို့ကား လူ့လောကအတွက် အမှိုက်သရိုက်များပင် ဖြစ်သည်ဟု ကျွန်ုပ်တို့ ခံယူပါသတည်း။ ။
No comments:
Post a Comment