Monday, October 1, 2012

နနွင်းအကြောင်းသိကောင်းစရာ

နနွင်းသည် ရောဂါ အမျိုးမျိုးကို ပယ်စေ၍ အသက် ရှည်စေသော ဆေးအဖြစ် ထင်ရှားသည်။ နနွင်းကို ငန်းဆေး၊ ဒူလာ၊ ၀မ်းရပ်ဆေး၊ လိမ်းဆေး၊ မှိုင်းဆေး စသည်ဖြင့် ဖော်စပ်ရာတွင် အသုံးပြုသည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဖျားနာခြင်း၊ သားဖွားပြီး သွေးတက်ခြင်း၊ သွေးပုပ်ကျန်ခြင်း၊ သွေးမသန့်ခြင်း၊ မီးဖွားပြီးနောက် ချိနဲ့ခြင်း၊ အသားအေးခြင်း၊ သားမြတ်ကိုက်ခြင်း၊ ရောင်ခြင်း၊ မီးယပ် သွေးဖောဖြစ်ခြင်း၊ ယားယံခြင်းတို့ကို နနွင်းမှုန့်ကို ရေနှင့် ပြုတ်၍ ရေချိုးပေးခြင်း၊ ကြပ်ထုပ်ပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။ နနွင်းမှုန့်နှင့် လက်တုပ်ခေါက် မှုန့်တို့ကို ရေနှင့်ကျိုပြီး ပျားရည်နှင့် သင့်ရုံစပ်၍ သောက်ပါက သွေးအန်သွေးလျှံ သွေးဝမ်းရောဂါများ ပျောက်၏။ သွားဖုံးနာခြင်း၊ သွားနာခြင်း၊ ကိုက်ခဲခြင်းကို နနွင်းမှုန့်နှင့် ရေနွေးဖျော်၍ ငုံပေးခြင်း၊ ဆားထည့်၍ သောက်ခြင်း၊ သွားရင်းတွင် သိပ်ပေးခြင်းဖြင့် ပျောက်၏။ နနွင်းသည် ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်၊ ၀မ်းလျှော ရောဂါတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။
နနွင်းကို ဆားအနည်းငယ် ခတ်၍ တစ်နေ့ သုံးကြိမ် သောက်ပါက လေထိုးလေအောင့် ပျောက်၏။ အကြိတ်နာ၊ ထိခိုက်ရှနာ၊ အတွင်းကြေ ဒဏ်ရာတို့၌ နနွင်းနှင့် ထုံးကို ရောစပ် လိမ်းပေးခြင်း၊ ဒဏ်ရာမှ သွေးထွက်လွန်ခြင်းကို နနွင်းမှုန့် သိပ်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်း စေနိုင်ပါသည်။ နနွင်းကို သကြားနီခဲနှင့် ရောစပ်၍ ဆန်ဆေးရေနှင့် သောက်ပါက ဆီးအိမ်တွင် ကျောက်တည်ခြင်းကို သက်သာ ပျောက်ကင်း စေနိုင်သည်။ နနွင်းမှုန့်၊ ဆီးဖြူသီးရည်၊ ပျားရည် သုံးမျိုး ရောသောက်ပါက ဆီးပူ၊ ဆီးအောင့်၊ ဆီးရောဂါများ သက်သာ ပျောက်ကင်း စေနိုင်သည်။ နနွင်းဥကို ပါးပါးလှီးပြီး နေရိပ်တွင် လှန်း၍ ပျားရည်နှင့် တစ်ကြိမ်လျှင် သုံးပြား တစ်နေ့ တစ်ကြိမ် သောက်ပါက အစာအိမ်ရောဂါ သက်သာ ပျောက်ကင်းနိုင်သည်။
နနွင်း (Turmeric) မှ ထုတ်လုပ်သော ဆေးတစ်မျိုးသည် လေဖြတ်ပြီး မကြာမီတွင် ဖြစ်သည့် ဦးနှောက်တွင်း ဆဲလ် (Cell) များ ပျက်စီးမှုအား သက်သာစေနိုင်သည်ဟု အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့အန်ဂျယ်လိစ် (Los Angeles) မြို့ရှိ စီဒါစ်- စီနိုင်ဆေးဘက်ဆိုင်ရာဌာန (Cedars-Sinai Medical Center) ရှိ သုတေသီများသည် ယုန်များနှင့် စမ်းသပ်ရာတွင် အလားအလာကောင်းသဖြင့် လူများဖြင့် စမ်းသပ်ရန် စီစဉ်နေကြပြီး ဖြစ်သည်။


No comments:

Post a Comment