Saturday, September 8, 2012

အနိုင်ရသူ နဲ့ ကျရှုံးသူ

အရင်က ဘာသာပြန် ထားတဲ့ စာတစ်ပိုင်းတစ်စ တွေ့တော့ ပြန်တင်ပေးလိုက်ပါတယ်။ ဘာသာပြန် တစ်ချို့ကို ကျွန်မ အတွေးနဲ့ စိတ်ကူး တစ်ချို့ ပြန်လည်ပေါင်းစပ်လို့ ရေးထားမိတယ်။ အတွေးဆိုတာ တစ်ခါတစ်လေ တော့လဲ ထူးဆန်းတယ်။ ငြိမ်သက်နေတဲ့ သားရေကွင်း တစ်ခုနဲ့ အလားတူတယ်။ ဒီတိုင်းထားရင် ဒီတိုင်းဖြစ်နေတတ်တယ်။ ဆွဲဆန့်ဖို့ ကြိုးစားလိုက်တဲ့ အချိန်မှာ လိုသလောက် ဆန့်ထွက်လာတတ်တယ်။ ဒါပေမယ့် သတိနဲ့ ထိန်းတတ်ဖို့လဲ လိုပြန်ရော။ အသိတရား ခဏလွှတ်ထွက် သွားတဲ့ အချိန်မှာ သားရေကွင်းက ပြတ်ထွက်သွားတာ ဖြစ်နိုင်သလို မူလအနေ အထားအတိုင်း ပြန်ရှိနေတာလဲ ဖြစ်တတ်ပြန်ရော.....................

အနိုင်ရသူ ဆိုတာ အဖြေတစ်ခုရဲ့ တစ်စိတ်တစ်ဒေသ။
ကျရှုံးသူ ဆိုတာ ပြသနာ တစ်ခုရဲ့ အပိုင်းအစ။

အနိုင်ရသူမှာ ဘယ်လိုလုပ်မလဲ ဆိုတဲ့ အစီအစဉ် တစ်ခုရှိတယ်။
ကျရှုံးသူ မှာတော့ ဆင်ခြေဆင်လက် အပြည့်နဲ့။

အနိုင်ရသူဟာ ပြသနာတိုင်းရဲ့ သော့ချက်ကို အဖြေမှာ ရှာဖွေတွေ့တယ်။
ရှုံးနိမ့်သူ ကတော့ အဖြေတစ်ခုစီတိုင်း အတွက် ပြသနာကို အမြဲမြင်တယ်။

အနိုင်ရသူက ပြောတယ် " ဒါဟာ ခက်ခဲတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေ ရှိတယ်"။
ရှုံးနိမ့်သူက ပြောတယ် " ဒါဟာ ဖြစ်နိုင်ချေ တော့ရှိတယ်။ ဒါပေမယ့် ခက်ခဲလွန်းတယ်"၊

အနိုင်ရသူ----- အောင်မြင်မှု ရလေ ချိုးနှိမ်စိတ် ပိုများလာလေ။
ကျရှုံးသူ----- အနည်းအကျဉ်းသော အောင်မြင်မှုတိုင်းအတွက် မောက်မာ ခက်ထန်သူ။

အနိုင်ရသူ----- အခြားသောသူများ အိပ်စက် အနားယူ နေချိန်တွင် အပတ်တကုတ် ကြိုးစားသူ။
ကျရှုံးသူ----- ကြိုးစားနိုင်သော အခွင့်အရေး များစွာကို ကြိုးစားခွင့် ရှိနေချိန်တွင် ဖြုန်းတီးသူ။

အနိုင်ရသူ----- လုံ့လ ၀ီရိယကို ပွေ့ပိုက်၍ ခရီးဆက်သူ။
ကျရှုံးသူ---- အချိန်ဆွဲခြင်း များဖြင့် ကိစ္စရပ်များကို နှောင့်နှေး ကြန့်ကြာစေ၍ လိုရာ ခရီးသို့ မရောက်သောသူ။

အနိုင်ရသူ----- တစ်စိုက်မတ်မတ်ဖြင့် ပန်းတိုင်အရောက် မကြောက်မရွံ့ ရည်မှန်းချက်ကို ဆွတ်ခူးသူ။
ကျရှုံးသူ----- အနည်းအကျဉ်းမျှသော အခက်အခဲတွေ့ရုံမျှဖြင့် အရာအားလုံးကို လက်မြောက် အရှုံးပေးလိုက်သူ။

ခေးရော့စ်

No comments:

Post a Comment